ပုဏ္ဏကတိုက်တဲ့ အိမ်ကြီး

ကျမ ခင်ပွန်းဟာ အစိုးရဌာနတစ်ခုမှ အရာရှိတစ်ဦးပါ။

ဌာနနှင့် ကျန်တဲ့ပုဂ္ဂိုလ်တွေ ဂုဏ်သိက္ခာငဲ့ပြီး
ဘယ်ဌာနဆိုတာကိုတော့ မပြောပါရစေနဲ့တော့။

ကျမခင်ပွန်းဟာ ဘာသာတရား အလွန်ကိုင်းရှိုင်းပြီး
နေ့စဉ်ထာဝရ သီလဆောက်တည်သူပါ။

သားသမီး သားမယားအပေါ်မှာ မေတ္တာစေတနာ
အပြည့်အဝနှင့် လင့်ဝတ္တရား ငါးပါးနှင့်အညီ
စောင့်ရှောက်သလို သူ့ရုံးက သူ့လက်အောက်က
တပည့်သားတွေချင်းတွေအပေါ်မှာလည်း
ရင်ဝယ်သားကဲ့သို့ ကျောသားရင်သား
မခွဲခြားဘဲ စီမံအုပ်ချုပ်သူပါ။

အဲဒီလို မေတ္တာ စေတနာ အပြည့်အဝထားတဲ့အတွက်
တပည့်သားမြေးများကလည်း သူတို့ဆရာအပေါ်
ယုံကြည်ကြပါတယ်။

ရိုသေလေးစားမြတ်နိုးကြပါတယ်။

ချစ်ကြောက်ရိုသေကြပါတယ်။

လူ့ဘဝဆိုတာက ကိုယ်က ဘယ်လိုပဲ ကောင်းကောင်း
အတိတ်ဘဝက အကုသိုလ် ကံဟောင်းပါလာလျှင်တော့
အဲဒီ အကုသိုလ်ကံက အကျိုးပေးခွင့် ကြုံလာလျှင်တော့
ပုဂ္ဂိုလ် သတ္တဝါဟူသမျှ ပြုသမျှ ခံကြရစမြဲပါ။

တစ်နေ့မှာတော့ ကျမ ခင်ပွန်းဘဝ
ဘဝနိဂုံးချုပ်ရမယ့် ပြဿနာက ပေါ်လာပါတယ်။

သူ့လက်အောက်က တပည့်တစ်ယောက်ဟာ
ပြင်ပစီးပွားရေးသမားတစ်ယောက်၏
လှည့်ပတ်ဖြားယောင်းမှုကို ခံရပြီး
ငွေသောင်းချီတဲ့ အလွဲသုံးစားမှုတစ်ခု ကျူးလွန်မှု
ဖြစ်လာပါတယ်။

အဲဒီခေတ် အဲဒီအခါက ငွေတစ်သောင်းဆိုတာ
အိမ်တစ်လုံး ခြံတစ်ကွက် ကောင်းကောင်းဝယ်နိုင်တဲ့
ကာလပါ။

ရွှေတစ်ကျပ်သားမှ ရာထောင်ရှိတဲ့ ကာလပါ။

ကျမခင်ပွန်းရဲ့ တပည့်ကလည်း စီးပွားရေးသမားရဲ့
လှည့်စားချက်ကို ပကတိရိုးသားစင်ကြယ်မှုဟု
ထင်ခဲ့ပါတယ်။

အဲဒီလို ထင်ခဲ့လို့လဲ သူ့အထက်က အရာရှိဖြစ်တဲ့
သူ့ဆရာကလည်း ကျမခင်ပွန်းကို လက်မှတ်ထိုးခိုင်းပါတယ်။

ကျမ ခင်ပွန်းကလည်း တပည့်ရိုးသားမှုကို
အစဉ်လက်ခံလာခဲ့တဲ့ ဆရာဆိုတော့
တပည့်အပေါ် ယုံကြည်ပြီး လက်မှတ်ထိုးပေးလိုက်တယ်

အဲဒီလိမ်လည်မှုကြီးဟာ တစ်ပတ်အတွင်း
ပေါ်လာပြီး ပါဝင်ပတ်သတ်သူ အားလုံးကို
သက်ဆိုင်ရာက ဆွဲတော့တာပါပဲ။

ကျမ ခင်ပွန်းဟာ သူ ဒီလိုခံရတော့ သူ့ဘဝကို
သူ တရားနဲ့ ဖြေရှာပါတယ်။

"ငါဘဝမှာ အစစအရာရာ စင်ကြယ်ခဲ့ပါတယ်။
အတိတ်က မစင်ကြယ်ခဲ့လို့ ဝဋ်ကြွေး ဆပ်ရတာပါ။
ငါ့ဘဝကို ငါဖြေပါတယ် ။ မင်းလည်း မင်းဘဝကိုဖြေပါ။
ဒီအမှုဟာ ထောင် တစ်သက် သေဒဏ်ကျနိုင်တဲ့အမှု
မဟုတ်ပါဘူး။ ဒါပေမယ့် ငါ့သားသမီးတွေ
ငါ့အတွက် မျက်နှာငယ် သွားရတာ အရှက်ရသွားရတာကိုတော့
ငါဝမ်းနည်းဆုံးပဲ မိငယ်"

အချုပ်ကို သွားတွေ့တော့ ကျမကို သူက ဤသို့
တရားချပါတယ် ။ ကျမက သူ့တရားကို
လက်ခံပါတယ်။ သို့သော် ခံစားရသော
ဝမ်းနည်းချက်ကတော့ တားမရပါ။
သူတော်ကောင်းကြီးအတွက် ဖြစ်ရလေခြင်းဟု
ယူကြုံးမရ ဖြစ်ကာ ငိုကြွေးခဲ့ရပါတယ်။

တရားရုံးထုတ် အမှုစစ်ဆေးနေစဉ်မှပဲ
ကျမခင်ပွန်းက ကျမကို ကျမဆွေမျိုးသားချင်းတွေရှိရာ
အပေါင်သို့ သွားရောက်နေထိုင်ဖို့နှင့်
သူ၏ဘဏ်စုငွေကို ထုတ်ယူပြီး
အပေါင် ပတ်ဝန်းကျင်မှာ အိမ်မိုးတဲ့ တောင်ထန်းခြံ။
ဒူးရင်းခြံ ဝယ်ပြီး ရောင်းဝယ်စားဖို့
ဒီလိုဘဝဇာတ်မြှုပ်မှ သူ့သားသမီးလေးတွေ
မျက်နှာမငယ်ရမှာ ဖြစ်ကြောင်း ။
ဟိုမှာ ခြံဝယ်ဖို့လဲ သူ့ရဲ့ သူငယ်ချင်းအရာရှိနှင့်
စီစဉ်ထားကြောင်း ပြောပါတယ်။

ကျမခင်ပွန်း အမှုစစ်ဆေးစဉ်မှာပဲ
ထိုသူငယ်ချင်းက ကျမနဲ့ လာတွေ့ပြီး
အားပေးစကားပြောပါတယ်။

ခြံအတွက်လည်း စီစဉ်ထားပြီးဖြစ်ကြောင်း
လာပြောပါတယ်။

ကျမခင်ပွန်း အမှု စီရင်ချက်ချမည့်နေ့မှာ
တရားခွင်က ကျမခင်ပွန်းဟာ ကျမတို့
မိသားစုကို တစ်ချက် စိုက်ကြည့်ပြီး စီရင်ချက်
ဖတ်နေသော တရားသူကြီး အတန်ကြာ
ငေးစိုက်ကြည့်ရင်း အရုပ်ကြိုး ပြတ်သလို
တရားခွင်မှာ ခွေလဲကျသွားပြီး
အသက်ပါ ပါသွားပါတော့တယ်။


"စိတ်ထိခိုက်ပြီး နှလုံးလေရိုက်ကာ
အသက်ပါ ပါသွားသည်"ဟု ဆိုကြပါတယ်။

ကျမလည်း ကျမခင်ပွန်း ကိစ္စဝိစ္စ အားလုံးပြီးစီးသောအခါ
ကျမကိုယ်တိုင်ကလည်း ပတ်ဝန်းကျင်မှာ
နေလိုသောစိတ် မရှိတော့ပါ။

ကျမခင်ပွန်းပြောထားခဲ့သလို
ကျမ ဂုဏ်သိက္ခာ ကျမသားသမီးလေးတွေရဲ့
ဂုဏ်သိက္ခာမျက်နှာ မငယ်ရလေအောင်
ကျမခင်ပွန်းရဲ့မိတ်ဆွေ ကိုထွန်းအောင်
စီစဉ်ပေးတဲ့အတိုင်း အပေါင်မြို့နယ်ရှိ
ဝယ်ယူထားသော ဒူးရင်းခြံသို့ ပြောင်းရွေ့ခဲ့ရပါတယ်။

ကျမတို့ ဝယ်ယူထားတဲ့ ဒူးရင်းခြံ
ထောင်ထန်းခြံကြီးများဟာ ကျယ်ဝန်းလှပါတယ်။

ခြံကြီးအလယ်မှာ ကျမတို့နေရတဲ့ အိမ်ကလေးကလည်း
ကျမတို့ မိသားစုအတွက် အသင့်တော်ဆုံး
အိမ်ကလေး ဖြစ်ပါတယ်။

ခြံထဲ ကျမတို့ စဝင်ကတည်းက အေးကနဲ စိမ့်ကနဲ
ဖြစ်ပြီး ကြက်သီးထမိပါတယ်။

ကျမကတော့ စိမ့်စမ်းသဘောကြောင့် အေးသည် စိမ့်သည်ဟု
ထင်ခဲ့ပါတယ်။

ကျမတို့ မိသားစု ပတ်ဝန်းကျင် ခပ်လှမ်းလှမ်းမှာနေတဲ့
ခြံအလုပ်သမား မိသားစု နှစ်ဦးသုံးဦးနှင့် အတူ
ဒီခြံကြီးဝယ်နေရသည်မှာ ညဉ့်အချိန်ဆို
တိတ်ဆိတ်ပြီး ကြောက်စရာပင် ကောင်းလှပါတယ်။

အိပ်ရာမဝင်ခင် အာလာဒင်မီးရောင်ကြောင့်
နေသာထိုင်သာ ရှိပေမယ့် အိပ်ရာဝင် မီးမှိတ်လိုက်တဲ့အခါ
ပတ်ဝန်းကျင်က မှောက်မည်းတိတ်ဆိတ်ပြီး
ကြောက်စရာ ကောင်းလှပါတယ်။

ကျမတို့ ရွှေ့ပြောင်းလာတာက ခုံးမျက်စသုံးရက်လ
အချိန်ဖြစ်လို့ လကလေးက မှုန်ဝါးဝါးသာနေတော့
တော်ပါသေးတယ်။

ကျမတို့ အိပ်ရာဝင်ပြီး ၁၁ နာရီကျော်လောက်မှာ
အိမ်ခေါင်မိုး သွပ်ပြားပေါ်ကို ခဲလုံးလေးလုံးကျသံ
ကြားလို့ ကျမ လန့်နိုးလာပါတယ်။

ခဲလုံးများ ဆက်တိုက်မကျပါ။

၁၅မိနစ်နေမှ တစ်ခါလောက်ကျပါတယ်။

ဒုတိယအကြိမ် ခဲကျတော့ ကျမ ကိုယ့်ကိုယ်ကို
သတ္တိမွေးပြီး လက်နှိပ်ဓါတ်မီးနဲ့ အိမ်အောက်ဆင်းပြီး
ပတ်ဝန်းကျင်ကို ဓါတ်မီးနဲ့ ထိုးပြီး ခဲပစ်သူကို
ရှာဖွေကြည့်မိပါတယ် ။ မတွေ့ပါ။

ကျမအတွေးပေါင်းစုံ တွေးပြီး အိမ်ပေါ်ပြန်တက်ခဲ့ရပါတယ်။

ကျမအိမ်ပေါ်အရောက်မှာ ခဲကျလာပြန်တယ်။

သားကြီးနဲ့ သမီးငယ်တို့လည်း လန့်နိုးလာပြီး
ကျမထံ ပြေးဖက်ကြပြီး 

"မေမေ …ဘာဖြစ်တာလဲ သမီးတို့ကြောက်တယ်
ကြောက်တယ်' ဟု ပြောပြောဆိုဆို ငိုကြပါတယ်။

ကျမမှာ ဘာလုပ်ရမှန်း မသိပါ။

ကိုယ်တိုင်ကလည်း ကြောက်နေမိပါတယ်။

ကိုယ်ကြောက်နေရင် သားသ္မီးတွေ အခြေအနေ
ပိုစိုးမှာစိုးလို့ ကိုယ့်ကိုယ်ကို သတ္တိမွေးပြီး
သားနှင့်သ္မီးကို အားပေးရပါတယ်။

မကြောက်ဖို့ ပြောရပါတယ်။

အာလာဒင်မီးကို ချက်ချင်းထွန်းပြီး အလင်းရောင်ရအောင်
လုပ်ရပါတယ် ။  မီးအလင်းရောင် ရလာတော့
(၁၁)နှစ်သားအရွယ် သားကြီးက အားရှိလာပြီး…

"မေမေ ကျနော့်မှာ လောက်လေးခွနှင့်
ဂေါ်လီလုံးတွေပါတယ် ။ ခဲပစ်တဲ့ဘက်ကို
မှန်းပြီးပြန်ဆော်ထည့်မယ်"

ဟု ပြောကာ ပြူတင်းပေါက်တံခါးဖွင့်ပြီး
လောက်လေးကို အသင့်ကိုင်ကာ
စောင့်နေပါတယ်။ 

မကြာခင် အိမ်ပေါ်သို့ ခဲကျလာပြန်ပါတယ်။

"ဟေ့ … ခဲနှင့်ပစ်တာ ဘယ်ကောင်လဲကွ
သတ္တိရှိရင် ထွက်ခဲ့ကြကွ"

သားက အော်ဟစ်ပြောပြီး လောက်လေးခွနှင့်
ပတ်ဝန်းကျင်ကို ခဲပစ်ပါတယ်။

"မောင်များ မကျွတ်မလွတ်ဖြစ်ပြီး 
သံယောဇဉ်တွယ်လိုက်လာသလား
သူလိုက်လာကြောင်းကိုများ သတိပေးနေသလား"

ကျမ စဉ်းစားပြီး သားကို ဆက်မပစ်ရန်
တားလိုက်ပါတယ်။ ကျမတို့မိသားစု(၁၂)နာရီလောက်အထိ
အာလာဒင် မီးရောင်အောက်မှာ တိတ်တိတ်ဆိတ်ဆိတ်
စုဝေးနေရပါတယ်။

(၁၂)နာရီကျော်တော့ ခဲပစ်မှု မရှိတော့ပါ။

ကျမတို့ မိသားစုလည်း တစ်ညလုံး မီးထွန်းပြီး
အိပ်ရပါတော့တယ်။

နောက်နေ့ မိုးလင်းမှာ ကျမက ခြံအလုပ်သမား
တဲများဆီသွားပြီး အသက်ကြီးတဲ့
 ခြံလုပ်သားမွန်အမျိုးသားကြီး
ဦးကြီးစိန်ကို ညက အိမ်ကိုခဲနဲ့ ပစ်ပုံကို ပြောပြပါတယ်။

"အဲဒါ လူပစ်တာ မဟုတ်ဘူး။
ပုဏ္ဏကတိုက်ပစ်တာ။
ဒီလိုပဲ ပစ်လို့ ပထမလူ။
ဒုတိယ လူတွေ မနေရဲကြလို့  ရောင်းပြီး
ပြေးကြတာ။ ယခု သမီးတို့ရောက်လာတာ။
တို့အဖို့တော့ ဒီပုဏ္ဏက တိုက်ပစ်တာမို့ ရိုးအိနေပြီ"

မွန်အဘိုးကြီး ဦးကြီးစိန်က သိထားပြီး
မဆန်းသော ပုံပြင်သဖွယ် ပြောပါတယ်။

"ပုဏ္ဏက တိုက်ပစ်တယ်ဆိုတာ ဘာလဲ ဘကြီး"

"ပုဏ္ဏက တိုက်တယ်ဆိုတာ ဆေးစီရင်ထားတာလို့
ပြောတာပဲ။ ငါတို့လဲ သေသေချာချာ မသိဘူး။
တို့မရောက်ခင်က ဒီခြံက အမွေပြဿနာဖြစ်တယ်။
တစ်ယောက်နှင့် တစ်ယောက် ဆေးဝါးအစီအမံတွေနှင့်
လုပ်ကြတယ်လို့ ပြောတယ်။ အဲဒီလူတွေလဲ 
မရှိကြတော့ဘူး ။ ဒါပေမယ့် ဒီပုဏ္ဏကတိုက် ဆိုတဲ့
ခဲပစ်နေတာကတော့ ယခုထိ ရှိနေတာပဲလေ"

ပုဏ္ဏကတိုက်ဆိုတာ ကျမဘဝတစ်သက်
ကြားလည်းမကြားဘူးပါ။

သိလည်းမသိပါ။

ဒီလိုခြံ ဒီခြံကြီးဟာ ပြဿနာခြံကြီး ဖြစ်နေပါတယ်။

ပြဿနာခြံဖြစ်နေလို့လည်း စျေးပေါပေါနှင့်
ရောင်းသွားကြခြင်းလည်း ဖြစ်ပါလိမ့်မယ်။

ကျမ ဘာလုပ်ရမှန်း မသိတော့ပါ။

ဤခြံရောင်းပြီး ကျမလည်း သင့်တော်ရာပြောင်းဖို့
စိတ်ကူးရပါတော့တယ်။

ခဲပေါက်တာဟာ ဒုတိယညလည်း ဆက်ဖြစ်ပါတယ်။

သားကလည်း လောက်လေးခွနှင့် တုံပြန်ပါတယ်။

ကျမအဖို့ ဇာတ်လမ်း တစ်စိတ် တစ်ဝက်နှင့်
ပြဿနာ ဇစ်မြစ်ကို သိထား၍ ကြောက်လန့်မှုကိုတော့
ထိန်းထားနိုင်ခဲ့ပါတယ်။

နောက်နေ့ တနင်္ဂနွေဖြစ်လို့ ကျမခင်ပွန်းရဲ့
သူငယ်ချင်း ကိုထွန်းအောင်က ကျမဒို့ မိသားစုအခြေအနေ
သိရအောင်ဆိုပြီး လာပါတယ်။ သူ့ဇနီးမိသားစုလည်း
ပါလာပါတယ်။

ကျမ ကိုထွန်းအောင်ကို တွေ့ရလို့ အားလည်းရှိသွားပါတယ်။

ကျမက ဖြစ်စဉ်အကျိုးအကြောင်း ပြောပြတော့
ကိုထွန်းအောင်က ဒီကိစ္စတွေ သူလည်း စောစောက
မသိကြောင်း။ 

သူ့မိတ်ဆွေထံမှတစ်ဆင့် ဤခြံကို စျေးချို၍
သူ့သူငယ်ချင်းဖြစ်တဲ့ ကျမခင်ပွန်းအတွက်
ကူညီတဲ့အနေနဲ့ ဝယ်ပေးကြောင်း ပြောပြပါတယ်။

မနေလိုက သူပင် ပြန်ရောင်းပေးမည်။

ရွှေ့လို့တဲ့နေရာကို ပြောပါ ။  သူစီစဉ်ပေးမည်။

သူစီစဉ်ပေးမည် ဟု ပြောသည်။

"ညီမကို ကိုယ်တစ်ခုမေးမယ်။
ညီမ ဒီခြံကို သဘောကျသလား"

ကိုထွန်းအောင် ဇနီး မမမြက မေးပါတယ်။

"ခြံကိုတော့ သဘောကျပါတယ်။
ဒါပေမယ့် ဒီလို အနှောက်အယှက်တွေနဲ့ ဆိုတော့
ကျမမှာက မိန်းမသားကလည်း ဖြစ်ပြန်။
သားသမီးကလေးတွေနဲ့ဆိုတော့ 
ရှေ့ရေးကို ရင်လေးတယ် မမမြရယ်"

"ဒါဆို ဒီလိုလုပ် ။
ဒီကိစ္စ မမက အတွေ့အကြုံရှိတယ်။
ကြုံလည်း ကြုံဖူးတယ်။
ပုဏ္ဏကတိုက်တယ်ဆိုတာက
အောက်လမ်းဆရာတွေက
တစ္ဆေသရဲတွေ မွေးပြီး စေခိုင်းတာ။
တစ်ဖက်လူက တစ်ဖက်လူ မနိုင်အောင်။
အောက်လမ်းဆရာဆိုတဲ့ ဆရာတွေနဲ့ပေါင်းပြီး
ဆေးစီရင်ပြီး တစ္ဆေသရဲပြိတ္တာတွေကို
ခဲနှင့်ပေါက်ဖို့ စေခိုင်းတာ။
အဲဒါကို ပုဏ္ဏကတိုက်တယ်လို့ ခေါ်တယ်။
ငါညီမက ဗုဒ္ဓဘာသာပဲ။
ရတနာသုံးပါးလည်း ယုံကြည်တာပဲဟာ။
တစ္ဆေသရဲကို ပြန်နိုင်ဖို့ ဆိုတာက 
အထက်လမ်းဆရာမှ နိုင်တာတဲ့"

"ဒီအထက်လမ်းဆရာ ဆိုတာကိုလည်း
ဘယ်မှာရှာလို့ လွယ်မလဲ"

"အလွယ်ဆုံးရှိသားပဲ။
ညီမတို့  မမတို့ ကိုးကွယ်ဆည်းကပ်နေတဲ့
သံဃာတော်တွေ ။ အဲဒီသံဃာတော်တွေရဲ့
ဓမ္မစက် အာဏာစက်ဖြစ်တဲ့ ပရိတ်တရားတွေ
ပဗ္ဗာဇနိယဆိုတဲ့ ကမ္မဝါစာတွေ ရှိနေတာပဲ။
အဲဒါတွေဟာ ဒီတစ္ဆေသရဲ မြေဘုတ် ဘီလူးတွေကို
နိုင်တာပဲ။ အဲဒီတော့ ညီမ ဒီအိမ်မှာ
အိမ်တက်မင်္ဂလာ ဆွမ်းမကျွေးရသေးဘူး မဟုတ်လား။
အိမ်တက်မင်္ဂလာ ဆွမ်းကျွေးလုပ်ရင် 
ပဗ္ဗာဇနိယ ကမ္မဝါပါ ဆရာတော်သံဃာတွေကို
ရွတ်ဖတ်ခိုင်းပေါ့ ။ ဒါဆို ဒီအန္တရာယ် ကင်းရမှာပေါ့"

ကိုထွန်းအောင်ဇနီး မမမြက သူ့ဘဝအတွေ့အကြုံနှင့်တကွ
အကြောင်းစုံကို ပြောပြပါတယ်။

ကိုထွန်းအောင်ကလည်း ဤသို့ ပြုလုပ်ရန်
သဘောတူ တိုက်တွန်းပါတယ်။

ကျမလည်း သဘောတူပါတယ်။

ကိုထွန်းအောင်က ဒီကိစ္စဆောင်ရွက်နိုင်ရန်
မမမြကို နေစေခဲ့ပြီး သူ့ကတော့ နောက်နေ့
ရုံးတက်ရမည်ဖြစ်လို့ ပြန်သွားပါတယ်။

နောက် စနေကျမှ သူလာခေါ်မည်ဟု ပြောသွားပါတယ်။

ကျမလည်း မမမြစီမံသည့်အတိုင်း
အိမ်တက်မင်္ဂလာ ဆွမ်းကျွေးဖို့ အားချင်းစီမံပါတယ်။

မမမြကပဲ စီမံပြီး သံဃာငါးပါး ပင့်ပါတယ်။

ဆွမ်းကျွေးဖို့ စီမံတဲ့ညမှာပဲ ခဲပေါက်မှုက
ဖြစ်ပေါ်လာပါတယ်။

သားကတော့ ထုံးစံအတိုင်း မမမြသားနှင့်
တစ်ယောက်တစ်လဲ လောက်လေးနှင့် ပစ်ပါတယ်။

မမမြကတော့…

"ဟဲ့…ပြိတ္တာတွေ ဒီည အားရအောင် ပစ်ထားကြ
နက်ဖြန်တော့ နင်တို့ သိစေရမယ်။
မသာတွေ နင်တို့ကို အမျှကို မဝေဘူးဟေ့"

ဟု အော်ကြီးဟစ်ကျယ်ပြောပြီး
သူလုပ်စရာရှိသည်တို့ကို လုပ်နေပါတယ်။

ခြံလုပ်သားကြီး မွန်အမျိုးသား ဦးကြီးစိန်နှင့်သူ့သားကလည်း
လာရောက်ကူညီလုပ်ပေးလို့ ကျမတို့တတွေ
အားရှိနေကြပါတယ်။

နောက်တစ်နေ့မှာ သံဃာတော်ငါးပါးကို
အရုဏ်ဆွမ်း ကပ်ပါတယ်။

ဆရာတော်များက အကြောင်းစုံ သိထားပြီး
ဖြစ်ကြလို့ စည်းချအရံအတားများ
ရွတ်ဖတ်ပေးပြီး ပရိတ်ရွတ်ပါတယ်။

ပြီးလျှင် ပဗ္ဗာဇနိယ ကမ္မဝါယစာရွတ်ဖို့ စီစဉ်ပါတယ်။

ထိုခဏမှာပဲ ဝေယျာဝစ္စလာလုပ်ပေးတဲ့
ဦးကြီးစိန်ရဲ့ သမီးကြီးဟာ တုန်တုန်ယင်ယင်ဖြစ်လာပြီး
လူကြားထဲ ဝင်ကာ ဆရာတော်များကို ရှိခိုးပြီး…

"တပည့်တော်ကို နေရာပေးပါဘုရား
တပည့်တော်ကို နေရာပေးပါဘုရား
သွားပါမယ် ။ သွားပါမယ်"

ဟု ဆိုကာ လျှောက်ထားပါတယ်။

ကျမတို့တတွေမှာ အလွန်အံအားသင့်သွားရပါတယ်။

"အေး.…နင့်ကို နေရာပေးဖို့ နင်တို့ကို အုပ်ချုပ်တဲ့
ဝေဿဝဏ်နတ်မင်းကြီးကို ငါဒို့ ပြောကြားပေးမယ်။
ပြီးတော့ ဒီကပေးတဲ့ အလှူအဖို့ဘာဂ အမျှလဲယူသွား။
ဤကလေးမကိုယ်က ခွာပြီး သင့်တော်ရာ
နေရာကနေပြီး တရားနာ ။ သင်တို့ကို 
တရားနာခွင် နတ်တွေကလည်း ခွင့်ပြုဖို့
ငါ မေတ္တာရပ်ခံပေးမယ်"

ဆရာတော် ဤသို့မိန့်ကြားသောအခါ
ဝင်ပူးနေသူလည်း ထွက်ခွါသွားပါတယ်

ဆရာတော်များ ကမ္မဝါစာကို ဆက်ဖတ်ရန် 
စီမံပါတယ်။

"ဤအိမ်မှာ ဤအိမ်ပတ်ဝန်းကျင်ခြံမှာ
လူကို မူးအောင် ဝေအောင်
ငိုအောင် ရယ်အောင် ဖမ်းစားတတ်တဲ့ 
အစိမ်းသရဲ။ သင်းကွဲပြိတ္တာ ။
မြေဘုတ်ဘီလူး နတ်မိစ္ဆာများရှိတာကို
အိမ်ရှင်များက နှစ်သက်ပါသလား 
မရှိတာကို နှစ်သက်သလား"

ဟု ဆရာတော်များက သုံးကြိမ်မေးပါတယ်။

က်မက 

"မရှိတာကို နှစ်သက်ပါတယ်"

ဟု သုံးကြိမ် ဖြေရပါတယ်။

ဆရာတော်များက ပဗ္ဗာဇနိယကမ္မဝါစာကို
ဆက်ဖတ်ပါတယ်။

ထိုညမှာ ကျမတို့ မိသားစုတတွေ ခဲပေါက်မှုကို
မျှော်လင့်စောင့်စားကြည့်နေမိပါတယ်။

ခဲပေါက်မှု မပေါ်တော့ပါ။

ဆရာတော်ဘုရားကြီးက ဘုရားရှိခိုးပါ။
စည်းချပါ။ မေတ္တာပို့ပါ။

ပြုသောကုသိုလ်အဖို့ဘာဂ အမျှဝေပေးပါဟု
ဆုံးမသည့်အတိုင်း ကျမ ထိုဝတ်ကို နေ့စဉ်
ပြုလုပ်ခဲ့ပါတယ်။


နောက်ပိုင်းမှာ ကျမတို့မှာ မည်သို့သော
အနှောက်အယှက် မရှိတော့ဘဲ
ခြံလုပ်ငန်းလည်း အောင်မြင်လာခဲ့ပါတယ်။

သားကို အင်ဂျင်နီယာ သမီးကို
ဆရာဝန်ဖြစ်သည်အထိ ထားနိုင် ထောက်ပံ့နိုင်ခဲ့ပါတယ်။

ယခုတော့ ကျမခြံကို အငှားချထားပြီး
သမီးဆရာဝန်နှင့် ရန်ကုန်တွင်
အေးချမ်းစွာ နေထိုင်လျက်ရှိတော့တယ်။

တက္ကသိုလ် သျှင်သီရိရေးတဲ့
ပဗ္ဗဇနိယကမ္မဝါစာ အစွမ်း စာအုပ်မှ
လက်ခ စာဖတ်သူကို ကောက်နှုတ်တင်ပြသည်။

ပြီးပါပြီ

Comments

Popular posts from this blog

🌑ညဆိုး🌑

ဘီလူးအော်သံ(တာတေ)