သရဲခြောက်တဲ့ခွဲခန်း


ကျွန်မတာဝန်ကျတဲ့
ဆေးရုံကြီးကိုရောက်တော့
အတန်ကြာငေးမောနေမိတယ်
ခရိုင်ဆေးရုံဆိုပေမယ့်  ဆရာဝန်နဲ့နပ်စ်မလုံလောက်မှုကြောင့်

ကျွန်မအပါအဝင်
ဒီဆေးရုံကိုအပြောင်းအရွေ့ကျသူ
၁၉ ယောက်တိတိ
မူလရှိတဲ့ဝန်ထမ်းက  ဆယ်ဂဏန်းကျော်ကျော်

ဆရာဝန်ကြီးက   အပြောင်းအရွေ့တွေကိုနေရာချထားပေးအပြီး   ခုရက်ပိုင်းမှာ   အလုပ်ပင်ပန်းမည်ဖြစ်ကြောင်းနဲ့  အားလုံးကိုယ့်တာဝန်ကို  အတတ်နိုင်ဆုံး  ထမ်းဆောင်ကြရန်မှာကြားခဲ့သည်  

ကျွန်မတို့လည်းအထုပ်အပိုးတွေချပြီးသည်နှင့်  ညနေဂျုတီတန်းယူလိုက်တော့သည်  ဆရာဝန်ကြီးပြောတဲ့အတိုင်း
ဆေးရုံက  ဝန်ထမ်းနဲ့လူနာနဲ့မမျှ

သည်ရက်ပိုင်းမှ  ဖျားနာလူနာတွေ  မွေးလူနာတွေပုံခံနေတော့သည်
ကျွန်မတို့သည်လည်း  နေ့ဂျူတီ  ညဂျူတီ
မခွဲအားတော့  အားရင်အားသလ
ိုဝင်ကူညီပေးနေရသည်  

ကျွန်မတာဝန်ကျတာက  မွေးလူနာဆောင်  အလျဉ်းသင့်ရင်သင့်သလို
အရေးပေါ်ခန်းမှာလည်း
ကူညီပေးရသေးသည်

ထိုနေ့က  ဆရာဝန်ကြီးက
ကျွန်မကို  ဆေးသိုလှောင်ခန်းမှာ ဆေးသွားယူရန်ခိုင်းလိုက်သည်
ဆေးသိုလှောင်ခန်းက
ဆရာဝန်တွေ  ဆရာမတွေရုံးခန်းရဲ့ မျက်နှာချင်းဆိုင်အဆောင်မှာ

အဆောင် ၃ ပေါ့  ကော်ရစ်တာကနေ  ဆေးသိုလှောင်ခန်းကိုအရင်လိုက်ရှာရတယ်  အခန်းကအစွန်ဆုံးမှာ  

ဆေးသိုလှောင်ခန်းမရောက်ခင်တစ်ခန်းအလိုမှာ  အခန်းတစ်ခန်းကို
အပြင်ကနေ  သစ်သားပြားနဲ့
ချိတ်ပိတ်ထားသည်

အခန်းက ခွဲစိတ်ခန်းလား
သားဖွားခန်းလားတော့မသိ  
ဆေးရုံတစ်ခုလုံးမှာ
ဒီတစ်ခန်းပဲပိတ်ထားတာဖြစ်သည်
ဘာကြောင့်ပါလိမ့်  စူးစမ်းလိုစိတ်နဲ့အပြင်ဘက်ကနေ
ဟိုချောင်းသည်ချောင်း ကြည့်မိသည်
အခန်းက  မှောင်ပိန်းလို့

 အချိန်လည်းအတော်ကြာနေပြီ
ီဖြစ်တာကြောင့်နောက်မှပဲ
တစ်ယောက်ယောက်ကိုမေးကြည့်မယ်လို့စိတ်ကူးရင်း  ဆေးသိုလှောင်ခန်းထဲကလိုအပ်သည့်ဆေးများထုပ်ပြီး တံခါးပြန်ပိတ်ခဲ့လိုက်တော့သည်

ယူလာသည့်ဆေးများကိုဆရာဝန်ကြီးဆီယူသွားပေးပြီး  အခန်းအကြောင်းမေးမည်လုပ်ကာမှ  လူနာရှင်တယောက်လာခေါ်သွားပြန်သည်
ကျွန်မလည်း  မွေးလူနာခန်းကိုပြန်သွားလိုက်တယ်  အခန်းရောက်တော့
တာဝန်ကျဒေါက်တာက

''ကြည်ပြာ   မမကို  ဆေးသိုလှောင်ခန်းထဲကဆေးသွားထုပ်ပေးပါလား    မနေ့ကလာတဲ့လူနာအတွက်
မမရုံးခန်းထဲမှာကုန်နေလို့ ဒီမှာဆေးစာရွက် ''

''ဟုတ်  မမ  ကြည်ပြာသွားလိုက်မယ်  ''

ဒေါက်တာယူခိုင်းတဲ့ဆေးစာရွက်ကိုကိုင်ပြီး  ဆေးသိုလှောင်ခန်းဘက်ဒုတိယအကြိမ်ရောက်ပြန်သည်  ဒီဘက်အဆောင်က  အဓိကလူနာဆောင်တွေမဟုတ်တာကြောင့်  မီအားအလွန်နည်းသည်  မီးရောင်ကခပ်မှိန်မှိန်  ကော်ရီတာကနေအဆောင်ဘက်ကူးလိုက်တာနဲ့  မှောင်ကျသွားသည်   ပထမတခေါက်လာတုန်းကတော့   အလင်းရောင်ရှိနေသေးသည်မို့  သိပ်မလန့်  ခုတခေါက်တော့   ညဘက်လည်းဖြစ်  မီးတွေကလည်းသိပ်မလင်းတာကြောင့်  ရင်တွေတစ်ထိပ်ထိပ်တုန်လာတော့သည်   ဒီအဆောင်က   အစွန်ဆုံးလဲ  အစွန်ဆုံး  သူ့ဟိုဘက်မှာကွင်းပြင်နဲ့  ရင်ခွဲရုံသာရှိတော့သည်လေ   ဆေးသိုလှောင်ခန်းဘက်လျှောက်လာရင်း   အနီးအနားက  သစ်ပင်ကသစ်ရွက်တွေ  လေတိုက်လို့  တစ်ရွှီးရွှီးမြည်နေသည့်အသံများမှာလည်းကြောက်စရာကောင်းလှသည်  ဆေးခန်းသော့ကိုအမြန်ဖွင့်  မှာလိုက်တဲ့ဆေးတွေအမြန်ယူ  နောက်ဆုံးကျန်တဲ့ဆေးတစ်မျိူးက   စောနက  ဆရာဝန်ကြီးဆီ  ဘူးလိုက်ရောက်နေတာကြောင့်  ဒီဘက်ကအပြန်မှ   ဆရာဝန်ကြီးအခန်းထဲဝင်ယူမယ်ဆိုပြီးဆေးအခန်းတံခါးပိတ်နေတုန်းရှိသေး   ချိတ်ပိတ်ထားတဲ့အခန်းတံခါးက   တဆတ်ဆတ်တုန်ခါလာတော့သည်  အတွင်းမှတစ်စုံတယောက်ကဆွဲကိုင်လှုပ်နေသလို  အခန်းထဲကမီးလည်း   တဖျတ်ဖျတ်နှင့်  နဂိုကလည်းကြောက်နေတာမို့  ဘာဖြစ်မှန်းမသိခဏကြောင်သွားသေးသည်  ပြီးမှ  သတိရကာ  ဆေးခန်းတံခါးကိုအမြန်ပိတ်ပြီး  ပြေးမယ်ကြံတုန်း  တံခါးက  ပိုလှုပ်လာတော့သည်   တိတ်ဆိတ်နေတဲ့ညဘက်ကြီးမှာ  တံခါးလှုပ်သံက   ကျယ်လောင်လွန်းလှသည်  ကျွန်မလည်းဘာဆိုဘာမှ  မကြည့်တော့ဘူး  မျက်စိကိုဇွတ်လွှဲကာ  ဆေးထုပ်ကိုင်ပြီးအပြေးတစ်ဘက်ကော်ရီတာဘက်ရောက်တော့   ပိတ်ထားတဲ့အခန်းထဲကနေ

''အားးးးးးးး ''ဆိုပြီး  မိန်းမတယောက်အော်သံကျယ်ကြီးကိုကြားလိုက်ရတယ်  ကြက်သီးတွေထ  ခေါင်းမွှေးတွေပါထောင်လာတော့တယ်  အံ့ကြိတ်ပြီး  အော်သံကြီးကအဆက်မပြတ်   အော်သံကြီးခဏရပ်သွားသည့်နောက်  လှုပ်နေတဲ့တံခါးကရပ်သွားပြီး  ခဏအကြာ  အခန်းတွင်းထဲမှာ  သွေးတွေစီးကျလာတာတွေ့လိုက်ရတော့သည်  သွေးတွေကမြင်မကောင်းအောင်ဒလဟော စီးကျ လာတာ  ခပ်ဝေးဝေးမှာရပ်နေတဲ့ကျွန်မနားရောက်တဲ့အထိ

''အားးးးးးးးးးးးး''

 အခန်းထဲမှာအော်သံကြီးပြန်ထွက်လာပြန်သည်  ကြောင်ပြီးရပ်နေမိသည့်ကျွန်မ  သွေးပျက်ခြောက်ခြားဖွယ်အော်သံကြီးကြားရပြီး  တချိူးတည်း  နောက်ကိုလုံးဝလှည့်မကြည့်ဘဲပြေးခဲ့တော့သည်   တစ်ဘက်အဆောင်ရောက်တော့   အော်သံများမကြားရတော့  မွေးလူနာခန်းဘက်က  ကျွန်မကိုရပ်စောင့်နေတဲ့ဆရာမက  လက်ပြခေါ်နေသည်

''ကြည်ပြာလာလေ  မမစောင့်နေတာကြာပြီ  ''

''ခဏလေး  မမ  ဆေးတစ်မျိုးလိုသေးတယ် ''

သူကတော့  ထောင့်ဘက်ကျတဲ့နေရာမှာရပ်နေတာမို့ ကျွန်မအဖြစ်ကိုသိလိမ့်မည်မဟုတ်   ကျွန်မလည်းဆရာဝန်ကြီးအခန်းထဲဝင်ပြီး  စောစောကဆေးဘူးကိုမွှေနှောက်ရှာလိုက်သည်  ပြတင်းတံခါးဖွင့်ထားတဲ့နေရာက   ပိတ်ထားတဲ့အခန်းကိုတန်းနေအောင်မြင်နေရသည်  အမှတ်မထင်လှမ်းကြည့်မိလိုက်တော့  ပိတ်ထားတဲ့အခန်းတံခါးပွင့်နေတာကိုမြင်လိုက်ရသည်  ရင်ထဲထိပ်ကနဲဖြစ်သွားမိသည်  ပြတင်းပေါက်ကနေအသေအချာမြင်ရရန်ရှေ့တိုးအကြည့်  ပြတင်းပေါက်အပြင်ဘက်ကကော်ရစ်တာမှာ  ဆံပင်ဖားလျားနဲ့  တစ်ကိုယ်လုံးသွေးတွေအလိမ်းလိမ်းနဲ့မိန်းမတယောက်ဘွားကနဲပေါ်လာတာတွေ့လိုက်ရတယ်  မြင်မြင်ခြင်း  ရင်ထဲဒိန်းကနဲဖြစ်သွားတာပဲ မှတ်မိလိုက်သည်   ကျွန်မနိုးလာတော့  အနားမှာ  ဆရာဝန်ကြီးနဲ့ဆရာမတွေကော   သူနာပြုတွေကောဝိုင်းအုံနေသည်

''ဟာ  ကြည်ပြာသတိရလာပြီ ''

''ဘယ်လိုဖြစ်တာလဲ  ''

''နင့်အော်သံကြားတော့   ဆရာဝန်ကြီးအခန်းထဲမှာ  မေ့လဲနေတာတွေ့လို့  ''

''ကျွန်မဆေးသိုလှောင်ခန်းဘက်မှာ  သရဲတွေ့လို့ ''

ကျွန်မစကားဆုံးတော့  ဆရာဝန်ကြီးနဲ့တချို့မျက်နှာပျက်သွားတာကိုတွေ့လိုက်ရသည်

''ကျွန်မမညာပါဘူးဆရာရယ်  တကယ်ပြောတာပါ  ကျွန်မမျက်စိနဲ့တပ်အပ်မြင်ခဲ့တာပါ  ကျွန်မလည်းဒါတွေအယုံအကြည်မရှိပါဘူး  လုပ်ကြံပြီးပြောနေတာလည်းမဟုတ်ပါဘူး  ဆရာရယ် ''

''အေးအေးဆရာနားလည်တယ်  အမှန်ဆရာတို့ဘက်ကပေါ့လျော့တာပါ  ကြိုပြောထားရင်ကြောက် နေမှာစိုးလို့  အဲ့ဒီ့မွေးခန်းမှာ  အမျိူးသမီးတယောက်မီးဖွားရင်း  သွေးလွန်ပြီးသေဖူးတယ်  အဲ့နောက်ပိုင်းကစပြီး  ဆေးရုံမှာအခြောက်အလှန့်ကြမ်းတယ်  ဘယ်လိုနှင်နှင်  မထွက်သွားဘူး   နောက်ဆုံး  အဲ့အခန်းကို  ပိတ်ထားရတဲ့အထိပဲ  အခြောက်လှန့်မခံရတာအတော်ကြာပြီ  ဒီတိုင်းဆိုဆေးရုံနာမည်ထိခိုက်တော့မယ်   တစ်ခုခုလုပ်ကြပါဦး  ''

ဆရာဝန်ကြီးအကူညီတောင်းခံမှုကြောင့်  ရွာဘက်မှ  အစွမ်းထက်တဲ့ဆရာတော်တစ်ပါးက  ကူညီပေးခဲ့ပါသည်  ထိုကိစ္စလုပ်နေစဉ်  ဆရာဝန်ကြီးက  အဆောင်ဘက်မလာခိုင်းတာကြောင့်သွားတော့မကြည့်ဖြစ်ခဲ့  နာရီဝက်လောက်ကြာတော့   မိန်းမတယောက်အော်သံကြီးကိုကြားလိုက်ရသည်  အတန်ငယ်ဝေးတာကြောင့်  ဘာအော်သံမှန်းမသိ  ဝူးဝူးဝါးဝါးသာကြားရသည်  ဆေးရုံဝန်ထမ်းတွေလည်းအတော်ကြောက်နေကြပြီ  ၄၅မိနစ်လောက်ကြာအပြီးမှာတော့  အသံတွေအကုန်တိတ်သွားပြီး  အဆောင် ၃ ဘက်ဆီမှ  ဆရာဝန်ကြီးနဲ့ ဆရာတော်တို့ပြန်လာကြတော့သည်

ကျွန်မတို့အနားလည်းရောက်ရော  ဆရာတော်ကကျွန်မအားစေ့စေ့ကြည့်ကာ

''ဒကာမလေး     ဒကာမလေးဆီမှာ  ဘုန်းဘုန်းမကောင်းတဲ့အငွေ့အသက်တွေတွေ့နေရတယ်  ကံလည်းနိမ့်နေတယ်   အခုတော့ပြသာနာတွေအားလုံးပြေလည်သွားပါပြီ  သူလည်းလွတ်ရာကျွတ်ရာသွားပြီ   စိတ်မပူပါနဲ့ဒကာမလေးအတွက်တော့  ဒီစိပ်ပုတီးလေးပေးထားမယ်   အမြဲတမ်းဆွဲထား  ကံတက်လာတဲ့ အချိန်ထိ  ''

''တင့်ပါ့  ဘုရား  ''

အဲ့ဒီ့နောက်  ဆရာတော်ပေးထားတဲ့
စိပ်ပုတီးလေးသာအမြဲဆွဲထားမိသည်   လူနာတွေနဲ့  လူနာတွေတောင်ကျွန်မကိုခေါ်တာပုတီးနဲ့ဆရာမတဲ့ နောက်ပိုင်း  ပိတ်ထားတဲ့အခန်းဘက်မှာ သရဲမရှိတော့ဘူးဆိုပေမယ့်  ကြောက်စိတ်ကတော့မပျောက်ပါဘူး  နောက်လုံးဝလည်းမသွားဖြစ်တော့ပါဘူး

ပြီး

Crd👉စာရေးသူ👉 Yin Nyein Aye

Comments

Popular posts from this blog

🌑ညဆိုး🌑

ဘီလူးအော်သံ(တာတေ)

ပုဏ္ဏကတိုက်တဲ့ အိမ်ကြီး