စုန်းကိုး မှော်ကိုး ကဝေကိုး(စ/ဆုံး)

စုန်းကိုး မှော်ကိုး ကဝေကိုး(စ/ဆုံး)

ပုဗ္ဗာရုံကျောင်း ကထိန်မှာဗျ။

ပုဗ္ဗာရုံဆိုတာက ကျုပ်ဆရာတော်ရဲ့ ကျောင်းလေဗျာ။
ခင်ဗျား မှတ်မိတယ်မို့လား။ ဦးဂုဏလေ။ကျုပ်တို့ရွာမှာက
ဘုန်းကြီးကျောင်း သုံးကျောင်း ရှိတာဗျ။ ရွာဦးကျောင်း။
ပုဗ္ဗာရုံကျောင်း။ ပြီးတော့ ဒက္ခိဏာရုံကျောင်းဗျ။
ကထိန်ခင်းပြီးဆိုရင် ဒီကျောင်းသုံးကျောင်းစလုံး
လွှတ်စည်တာဗျို့။ ကျောင်းသုံးကျောင်းစလုံးရဲ့
ဘောစကံက ကျယ်သားဗျ။

ကျုပ်တို့ရွာ ထနောင်းကုန်းတင် မဟုတ်ဘူး။
အနီးအနားက ဘန့်ဘွေးကုန်း ။ မီးလောင်ကုန်း။
ငွေတွင်းကုန်း။ ဆပ်သမြှောင် ။ သံမနောက်။
ကျားကုန်း ။ ထိန်ကုန်း ။ ကပ္ပလီစု ညောင်ဝိုင်းတို့
ဗိုလ်ကုန်းတို့ပါ ကိုးကွယ်ကြတာ။

ဆရာတော် သုံးပါးစလုံးကလည်း
 ပညာတတ်တွေချည်းပဲဗျ။
သုံးပါးလုံး စာချတန်းအောင်ပြီးသား ။
ဓမ္မာစရိယကိုယ်တော်ကြီးတွေဗျို့။

ဒီအထဲမှာမှ ကျုပ်ဆရာတော် ဦးဂုဏက လောကီကြောင်းရော။
လောကုတ္တရာကြောင်းရော ဝါသနာရှိတာဗျ။ပုဗ္ဗာရုံကျောင်း
ကထိန်ဆိုရင် ကျုပ်တို့ရွာက လူကြီးတွေနဲ့ တခြားရွာက
လူကြီးတွေ ဆုံကြပြီး ရှေးဟောင်းနှောင်းဖြစ်တွေ
ပြောကြ ။ သူတို့ငယ်ငယ်က အတွေ့အကြုံတွေ
ပြောကြနဲ့ လွှတ်နားထောင်ကောင်းတာလားဗျာ။

သူဝိုင်းနဲ့သူ ။ သူအုပ်စုနဲ့ သူဗျ။ လူကြီးတွေ 
ပြောသမျှကို ကျုပ်တို့လို လူငယ်တွေက 
နားထောင်ကြတာပေါ့ဗျာ။ လက်ဖက် ။
ဂျင်းသုတ် လိုက်တဲ့လူကလိုက်။ ရေနွေးကြမ်း
လိုက်တဲ့လူကလိုက်ပေါ့ဗျာ။

ကျုပ် သံခနောက်က ဘိုးတော်ကြီးတွေဝိုင်းမှာ
ထိုင်လို့ဗျ။ သံခနောက်ဆိုတာက ကျုပ်တို့ရွာလေဗျာ။
ထနောင်းကုန်းတောင်ဘက်က ရွာပေါ့။ ကျုပ်တို့ရွာက
ဘိုးညီပုတို့ ဘိုးရုံတို့လည်း ဒီဝိုင်းမှာ ပါသဗျ။

သံခနောက်က ဘိုးတော်ကြီးက ဆံပင်နက်နက်ကလေးကို
သျှောင်တစောင်းလေးထုံးလို့ဗျ။ နှုတ်ခမ်းမွေးကလည်း
အပြားကြီးကြီးဗျ။စကားပြောကလည်း ကောင်းလိုက်ပါဘိဗျာ။
စကားပြောကောင်းတယ် ဆိုတာက ဘဝအတွေ့အကြုံတွေ
စုံလို့ပေါ့ဗျ။ ဒီဘိုးတော်ကြီးရဲ့ နာမည်က ဦးအုပ်တဲ့။

သူ့ကို ဘိုးအုပ်လို့ ခေါ်ကြတယ်။ အသက်က
ခုနှစ်ဆယ်ကျော်လို့ ရှစ်ဆယ်နားကပ်နေပြီ။
ကျုပ်တို့ရွာက ဘိုးညီပုနဲ့မှ ရွယ်တူတွေဗျ။

"မောင်အုပ်ရဲ့ မင်းအသက်ရှစ်ဆယ်ပဲ ကပ်နေပေါ့။
ခုထိ ဆံပင်တစ်ချောင်းမှ မဖြူပါလားကွဲ့။
ဘယ်လိုကြောင့်တုံး"

ဘိုးညီပုက မေးလိုက်တော့ ဘိုးအုပ်က ပြုံးပြီပြောသဗျ။

"ဟ …ကိုညီပုရဲ့ မဖြူဆို ကျုပ်က လူပျိုအရွယ်ကတည်းက
ဆေးကောင်းရထားတာကိုးဗျ"

"ဟေ …ဟုတ်လား ။ ဘာဆေးကောင်းများတုံး မောင်အုပ်ရဲ့"

"ကျုပ်တို့ရွာကို ကြွလာတဲ့ ဆေးဆရာကြီးတစ်ယောက်
ပြောသွားတာပဲဗျ။ ဖန်ခါးသီးရယ် ။ လက်ဖက်ပုပ်ရယ်
ထောလပတ်ရွက်ရယ် ဆတူထောင်းရတယ်တဲ့ဗျ။
ပထမတော့ တစ်မျိုးချင်းထောင်းရတာပေါ့ဗျာ။
ပြီးတော့ သုံးမျိုးပြန်ပေါင်းပြီး ထောင်းရတယ်။
အဲဒီသုံးမျိုးထောင်းထားတာကို အုန်းသီးနဲ့ 
ပုလင်းထဲမှာ ထည့်စိမ်ထားပြီး လိမ်းပေးရင်
ဆံပင်မဖြူဘူးဆိုလို့ ကျုပ် လူပျိုအရွယ်ထဲက
လုပ်ပြီး လိမ်းလာတာ ခုထိပဲဗျ။ကျုပ်လည်း
ဆံပင်မဖြူဘူး။ ကျုပ်သားသမီးတွေလည်း
အဲဒါပဲ လိမ်းကြတာ ဆံပင်မဖြူကြဘူးဗျ"

ကျုပ်တို့ထနောင်းကုန်းက လူငယ်တွေက ဘိုးအုပ်ပြောတဲ့
ဆေးနည်းကို ခေါင်းလေးတွေ တညိတ်ညိတ်လုပ်ပြီး
မှတ်နေကြတယ်ဗျို့။ နောက်တော့ စကားတွေ 
ရောက်တတ်ရာရာ ပြောရင်းနဲ့ ဘိုးအုပ်က လွှတ်ထူးဆန်းတဲ့
အကြောင်းတစ်ခု ပြောပြတယ်။

ဘိုးအုပ်ပြောတဲ့ အကြောင်းက ထူးဆန်းလွန်းလို့
ကျုပ်ဖြင့် မျက်တောင်တောင် မခတ်မိအောင်ပါပဲဗျာ။
ဘိုးအုပ်ပြောပြတဲ့ အကြောင်းက 
ကြောင်တစ်ရာဗိုလ် အစီအရင်တဲ့ဗျာ

"ကျုပ်အဖေက ရှမ်းအစစ်ဗျ ကိုညီပုရ။
အမေက သံခနောက်သူ ဗမာအစစ်။ ကျုပ်ကို
ရှမ်းပြည်မှာ မွေးတာ။ကျုပ်အသက်နှစ်ဆယ်ရောက်မှ
အဖေဆုံးလို့ အမေ့မွေးရပ်ကို ရောက်လာခဲ့တာ"

"နေပါဦး မောင်အုပ်ရဲ့ ။ မင်းအဖေက ဘယ်အရပ်သားတုံးကွဲ့"

"ရှမ်းပြည် နောင်ချိုဘက်ကဗျ။ ဒါပေမဲ့ မြို့ပေါ်ကတော့
မဟုတ်ဘူး ။ ရွာဘက်ကပဲ ။ ခုပြောမယ့် ကြောင်တစ်ရာဗိုလ်
အစ်ီအရင်ဆိုတာကို ကျုပ် အသက် ဆယ့်တစ်နှစ်သားလောက်က
မြင်ခဲ့ဖူးတာဗျ။  ဒီတုန်းက လူတော်တော်များများက
တုတ်ပြီး ဓါးပြီး သေနတ်ပြီးတာ သိပ်လိုချင်ကြတာဗျ"

"မောင်အုပ်ရယ် ဟိုတုန်းက လူတွေတင် မဟုတ်ပါဘူးကွာ။
အခု လူတွေလည်း လိုချင်ကြတာပါပဲ"

"အေး…ကျုပ်တို့ရွာမှ လူချမ်းသာတစ်ယောက် ရှိတယ်ဗျ။
သူလည်း ရှမ်းပဲ။နာမည်က စိုင်းအုန်းဂေါင်တဲ့။ အသက်က
လေးဆယ်ကျော်လောက် ရှိမယ်။ ကျုပ်က သူ့ခြံထဲက
အလုပ်တွေကို ကူညီပြီး လုပ်ပေးရတယ်။ကျုပ်ကို
မုန့်ဖိုးပဲဖိုး ပေးတာပေါ့ဗျာ။ စိုင်းအုန်းဂေါင်က 
အိမ်ထောင်ရက်သား မရှိဘူးဗျ။ တူတွေနဲ့နေတာ။
တစ်ရက်ကျတော့ သူက ကျုပ်ကိုမေးတယ်"

"စိုင်းအုပ် မင်း ကြောင်တစ်ရာဗိုလ်ဆိုတာ ကြားဖူးလားတဲ့"

ကျုပ်ကလည်း ကြားမှ မကြားဖူးတာ။

"ကျုပ်မကြားဖူးဘူးဗျ"

လို့ ပြန်ပြောလိုက်တော့ စိုင်းအုန်းဂေါင်က
ကျုပ်ကို ပြောပြရောဗျို့။

"ဒီလိုကွ ။ စိုင်းအုပ်ရဲ့ ။ ပထဆုံး ကြောင်နက်တစ်ကောင်
ရဖို့ လိုတယ်"

"ဗျာ ။ ကြောင်နက်များ ရှားတာလိုက်လို့ ဆရာရယ်"

ကျုပ်က စိုင်းအုန်းဂေါင်ကို ဆရာလို့ ခေါ်တာဗျ။
ဘာဖြစ်လို့တုံးဆိုတော့ သူက ကျုပ်ကို လက်တိုလက်တောင်း
ခိုင်းလို့ အားတဲ့အချိန်ဆိုရင် စာသင်ပေးတာ။
သူသင်ပေးလို့ ကျုပ် စာတတ်လာခဲ့တာပေါ့ဗျာ။

"ငါ့ကောင်ကတော့ အလွယ်ပြောရော့မယ်
ကြောင်နက်တိုင်း လုပ်လို့မရတာ မဟုတ်ဘူးကွ။
တောကြက်အနက် ဖြစ်ရမယ်။ပြီးရင် ခြေသည်းရော
လက်သည်းရော မျက်စိရော နက်ရမှာကွ။
ပြီးရင် အထီးလည်း ဖြစ်ဖို့လိုတယ်"

"ဟာ …ဒါတော့ မလွယ်ဘူးဗျ"

"ဘယ်လွယ်မှာတုံး စိုင်းအုပ်ရဲ့ ။ တောထဲတောင်ထဲသွားတဲ့
မုဆိုးတွေကို မှာထားရတာပေါ့ကွ။ အဲဒီလို ကြောင်နက်မျိုး
ရရင် ယူခဲ့ပါ။ ခင်ဗျားတို့ကို ပိုက်ဆံများများ ပေးပါ့မယ်လို့
ပြောထားရတာပေါ့"

"တစ်ရက်ကျတော့ သီပေါဘက်က မုဆိုးတစ်ယောက်
ရောက်လာပြီး ကြောင်နက်တစ်ကောင် ပြတယ်။
သူယူလာတဲ့ ကြောင်နက်က ခြေသည်းရော
မျက်စိရော နက်ရုံတင်မကဘူးကွ။ ပါးစပ်ထဲက
သွားဖုံးရော လျှာပါ နက်နေတာကွ။ပြီးတော့ အထီး"

"ဟာ …ဟုတ်လား ဆရာ"

"အေး ငါလည်း ဝမ်းသာအားရနဲ့ မုဆိုးကြီးကို ပိုက်ဆံတွေ
အများကြီး ပေးလိုက်ရောဟေ့။ ပြီးတာနဲ့ ကြောင်တစ်ရာဗိုလ်
အစီအရင်ကို စတော့တာပေါ့ကွာ"

"ဟင်…ဒါဆိုရင် ဆရာ အဲဒီအစီအရင်ကို လုပ်ခဲ့ဖူးတာပေါ့
ဟုတ်လား ဆရာ"

"လုပ်ခဲ့ဖူးတာ မဟုတ်ဘူးကွ စိုင်းအုပ်ရဲ့။အခု လုပ်နေတုန်းပဲ"

"ဗျာ …ဒါဆိုရင် ဆရာမှာ အဲဒီကြောင်နက် ရှိတာပေါ့"

"ဟာ ရှိတာပေါ့ကွ ။ လာ မင်း ငါနဲ့ လိုက်ခဲ့။
မင်းကို ငါ ပြမယ်"

စိုင်းအုန်းဂေါင်က ကျုပ်ကို ခြံကြီးထဲ ခေါ်လာတယ်ဗျ။
သူတို့ခြံကြီးထဲမှာက လိမ္မော်ပင်တွေရော မက်မန်းပင်တွေရော။
ငှက်ပျောပင်တွေရော ရှိတာဗျ။ ခြံကြီးရဲ့ထောင်မှာ
သစ်သားအိမ်တစ်လုံး ရှိတယ်ဗျို့။ စိုင်းအုန်းဂေါင်က
သစ်သားအိမ်တံခါးကို ဖွင့်လိုက်တော့ …

"ဟာ …"

ကျုပ်ဖြင့် ယောင်ပြီးတော့တောင် အော်လိုက်မိရောဗျာ။
အိမ်က ကြမ်းပြင်ကို ကွန်ကရစ်ခင်းပေးထားတာဗျ။
အိမ်ထဲမှာ နှစ်ပတ်လည်တိုင်လေးတွေကို 
လက်နှစ်လုံးလောက်ပဲခြားပြီး လုပ်ထားတဲ့ 
သစ်သားလှောင်အိမ်ကြီးဗျ။အထဲမှာ ငုတ်တုတ်ထိုင်နေတဲ့ မည်းမည်းတစ်ကောင်ကိုကျုပ်တွေ့လိုက်တယ်။ 
အရွယ်က ကျားသစ်တစ်ကောင်လောက် ရှိတယ်ဗျို့။

"ဟာ…ဆရာ။ ဒါကြောင်ရော ဟုတ်ရဲ့လား။
ကျားသစ်မဟုတ်ဘူးလား"

"ဟား ဟား ဟား ။ ကြောင်ပါကွာ။ စိုင်းအုပ်ရဲ့။
ကျားသစ် မဟုတ်ပါဘူး ။ ဒီကောင် ငါ့ဆီကို
ရောက်လာတုန်းက သာမန်ကြောင်တစ်ကောင်လောက်ပဲ
ရှိတာကွ။ ငါ့အစီအရင်ပညာကြောင့် ဒီကောင်
အခုလို အကြီးကြီးဖြစ်လာတာ။ အစီအရင်ကလည်း
ပြီးကာနီးနေပြီလေကွာ"

"ကျုပ်ဖြင့် အံ့သြလိုက်တာ ဆရာရယ်"

"အေး …ဒီလိုကွ စိုင်းအုပ်ရဲ့။ဒီအစီအရင်က
ပထမဆုံး ကြောင်တစ်ကောင်ကိုသတ်ပြီး
ကြောင်နှလုံးကို ထုတ်ယူရတယ်။ ပြီးရင်
အဲဒီကြောင်နှလုံးကို ဒီကြောင်နက်ကို ကျွေးရတယ်"

"တောကြောင်လား ဆရာ"

"ဟာ မဟုတ်ဘူး ။ ဘာကြောင်ဖြစ်ဖြစ် ရပါတယ်
လပြည့်ညသန်းခေါင်နဲ့ လကွယ်ညသန်းခေါင်မှာ
မန္တန်ရွတ်ပြီး ကြောင်နှလုံးကို ထုတ်ယူရတယ်။
ပြီးရင် ဒီကောင်ကြီးကို ကျွေးရတယ်။
တစ်လ နှစ်ကြိမ်ပေါ့ကွာ။ ကြောင်အကောင်တစ်ရာ
ပြည့်အောင် ကျွေးရတယ်။ အချိန်က လေးနှစ်နဲ့
နှစ်လ ကြာတယ်ကွ။ကြားမှာ အဆက်မပြတ်ရဘူး"

"နေပါဦး ဆရာရဲ့။ ကြောင်အကောင်တစ်ရာ
ပြည့်အောင် ရှာဖို့က လွယ်ပါ့မလားဗျ"

"ဟာ ဘယ်လွယ်မလဲကွ ။ဟိုဘက်ရွာက 
ငါ့တပည့်တစ်ယောက်ကို ကြောင်တွေ 
မွေးခိုင်းထားရတယ်။ လိုသမျှငွေကို 
ငါပေးရတာပေါ့။အခုဆိုရင် ဒီကောင်ကြီးကို 
ကျွေးခဲ့တာ ကြောင်တစ်ရာ ပြည့်သွားပြီကွ 
စိုင်းအုပ်ရဲ့"

"ဟာ ဟုတ်လား ဆရာ"

"အေး …ကြောင်ငါးဆယ်ကျော်ရဲ့ နှလုံးတွေကို
စားပြီးကတည်းက ဒီကောင်ကြီးက တဖြည်းဖြည်း
ကြီးလာပြီး မင်း ခုနကပြောသလို ကျားသစ်နက်ကြီးနဲ့
တူလာတာကွ"

"ဒါဆိုရင် ဆရာက ဘာဆက်လုပ်ရမှာတုံးဗျ"

"ငါ ဒီကောင်ကြီးကို ကြောင်တစ်ရာပြည့်အောင်
ကျွေးပြီးကတည်းက အားလုံးစမ်းသပ်ကြည့်ပြီးပြီ။
ဓါးလည်း ပြီးတယ်။လှံလည်း ပြီးတယ်။သေနတ်လည်း
ပြီးနေပြီကွ။ ပြီးတော့ ဒီကောင် အမြင့်ကြီးရောက်အောင်
ခုန်နိုင်တယ်။ ငှက်ပျောရွက်တွေပေါ်တောင် 
တက်ထိုင်နေနိုင်တယ် စိုင်းအုပ်ရေ"

"သြော် …ဒီလိုလား နေပါဦး ဆရာရဲ့။ဒီကောင်ကြီးကို
ဆရာ ဘယ်လိုသတ်မှာတုံး။ဒီကောင်က ဓါးတွေ လှံတွေ
သေနတ်တွေ ပြီးနေပြီဆို"

"ဟား ဟား ။ မင်းက တွေးတတ်သားပဲ စိုင်းအုပ်ရဲ့။
မင်းပြောသလိုပဲ ဒီအကောင်ကြီးက ရိုးရိုးဓါးတွေ
လှံတွေလောက်တော့ အယားတောင် ပြေမယ့်ကောင်
မဟုတ်ဘူးကွ။ကိုးသင်္ချိုင်းဓါးနဲ့ သတ်မှရတာ"

"ဗျာ …ကိုးသင်္ချိုင်းဓါး ဟုတ်လား ဆရာ။
ဆရာ့မှာ ကိုးသင်္ချိုင်းဓါး ရှိလို့လားဗျ"

"ဟား ဟား ဟား ရှိတာပေါ့ စိုင်းအုပ်ရဲ့။
စော်ဘွားအနွယ်တော်တစ်ယောက်ဆီက 
စျေးကြီးပေးပြီး ဝယ်ထားရတာကွ"

"သြော် …ဒီလိုကိုး ။ ဒါဆိုရင် ဆရာ့အစီအရင်ကို
ဘယ်တော့လုပ်မှာတုံး"

"မနက်ဖြန်ည သန်းခေါင်မှာ လုပ်ရမယ်ကွ။
အဲဒါ မင်းအကူအညီလိုတယ်"

"ဗျာ…ကျုပ်အကူအညီ ဟုတ်လား ဆရာ။
ပြောပါ ဆရာ။ ကျုပ် ဘာလုပ်ပေးရမလဲ"

"မင်းက လှောင်အိမ်ဖွင့်ပေးဖို့ပါကွာ ။
ပြီးတော့ ငါက မန္တန်ရွတ်ပြီး ဒီကောင်ကြီးရဲ့
နှလုံးကို စားနေတဲ့အချိန်မှာ မင်းက စောင့်ပေးရမယ်။
တကယ်လို့ ငါလူစိတ်တွေ ဘာတွေ ပျောက်သွားခဲ့ရင်
မင်းက ငါ့ကို ရေနဲ့ပက်ပြီး သတိပေးရမယ်ကွ"

"သြော် …ဒါများ ဆရာရယ် ကျုပ် လုပ်ပေးမှာပေါ့ဗျာ"

ကျုပ်ကလည်း ကျုပ်ဆရာကို ကူညီဖို့ အဆင်သင့်ပါပဲဗျာ။
နောက်နေ့က တန်ဆောင်မုန်းလပြည့်ညဗျ။
လမှ သာလိုက်တာ ထိန်နေတာပေါ့ဗျာ။
 ခြံကြီးတစ်ခုလုံး လင်းထိန်နေတာဗျ။
ကျုပ်ရောက်တော့ ဆရာက ရှမ်းအင်္ကျီ
ဘောင်းဘီ အနက်တွေချည်း ဝတ်ထားတာဗျ။

ခေါင်းပေါင်းကလည်း အနက်ပဲဗျ။
လရောင်အောက်မှာ ကျုပ်သေသေချာချာ 
ကြည့်တယ်ဗျို့။ကျုပ်ဆရာ စိုင်းအုန်းဂေါင်ရဲ့
မျက်လုံးတွေဆိုတာ အရောင်ကို လက်နေတာဗျာ။

"ကဲ…စိုင်းအုပ် ။ ဟောဒီမှာကြည့်။ဟောဒါ 
ကိုးသင်္ချိုင်းဓါးပဲကွဲ့"

ဆရာက သူ့ခါးကြားမှာ ထိုးထားတဲ့ ဓါးမြှောက်တစ်ချောင်းကို
ထုတ်ပြတယ်။ ဓါးအိမ်ကို ရွှေပိန်းချပြီး ကျောက်စီထားတယ်။
အထဲက ဓါးကို ဆွဲထုတ်လိုက်တော့ လရောင်အောက်မှာ
လက်ကနဲ ဖြစ်သွားတယ်။ ဓါးက အရိုးအသွား
ဆယ်လက်မကျော်ကျော်လောက် ရှိမယ်ဗျ။
ဗျက်က လက်တစ်လုံးလောက်ရှိမယ်။နှစ်ဖက်သွားဗျ။
သွေးထားလိုက်တာမှ မြည့်နေတာပါဗျာ…

"ကဲ စိုင်းအုပ် မင်း မကြောက်ဘူးမို့လား"

" ဟာ ။ ကျုပ် မကြောက်တတ်ပါဘူးဗျ"

"အေး ဟုတ်ပြီ ဒါဆိုရင် အ်ိမ်တံခါး ဖွင့်ကွာ။
အလုပ်စကြရအောင်"

ကျုပ်က အိမ်တံခါးဖွင့်တယ် ။ ပြီးတော့ ဆရာခိုင်းတဲ့အတိုင်း
အိမ်ထဲမှာ ဖယောင်းတိုင်တွေ လင်းထိန်နေအောင်
လိုက်ထွန်းလိုက်တယ်။

ကျုပ်လုပ်နေတာကို လှောင်အိမ်မှာ မတ်တတ်ရပ်နေတဲ့
ကျားသစ်လောက်ရှိတဲ့ ကြောင်နက်ကြီးက ကြည့်နေတယ်ဗျ။
ခဏနေတော့ ဆရာစိုင်းအုန်းဂေါင် အ်ိမ်ထဲကို ဝင်လာတယ်။

"ဂီး ဂီး ဂီး ဂီး"

စုန်းအုန်းဂေါင်ကို တွေ့တာနဲ့ ကြောင်နက်ကြီးက
မာန်ဖီတော့တာပဲဗျာ။ ကျုပ်ဖြင့် မကြောက်ဘူးသာ
ပြောရတယ်ဗျ။ ကြက်သီးတွေ တဖျန်းဖျန်းထတော့တာပေါ့ဗျာ။
ဆရာက ပါးစပ်ကနေပြီး မန္တန်တွေ ရွတ်နေတာဗျို့။
သူက မန္တန်ရွတ်လေ ကြောင်နက်ကြီးက ပိုပြီး
စိတ်ဆိုးလေပေါ့ဗျာ။သွားကြီးဖြီးပြီး လှောင်အိမ်ထဲမှာ
လှည့်ပတ်လျှောက်နေရောဗျို့။

"ညောင် ညောင် ညောင် ညောင် "

အော်တာကတော့ ကြောင်သံဗျ။ ကြောင်နှစ်ကောင်
ကိုက်ကာနီး အော်တဲ့အသံမျိုးဗျ။ ဒါပေမဲ့ အကောင်က
အကြီးကြီးဆိုတော့ ကျားသံလောက် ကျယ်တာပေါ့ဗျာ။
ခဏနေတော့ စိုင်းအုန်းဂေါင်က ပြောရောဗျ

"စိုင်းအုပ် လှောင်အိမ်ဖွင့်လိုက်တော့ "

ကျုပ်က ခတ်ထားတဲ့ သော့ခလောက်ကြီးကို 
ခပ်သုတ်သုတ်ဖွင့်ပြီး လှောင်အိမ်ရဲ့ ထိုးတံခါးကြီးကို 
ဆွဲဖွင့်ဖို့ ပြင်လိုက်တယ်။ ဆရာစိုင်းအုန်းဂေါင်ကို
လှည့်ကြည့်လိုက်တော့ အဆင်သင့်ဖြစ်နေပြီဗျ။
နေဦးဗျို့။ကျုပ် ပြောရဦးမယ်။ကျုပ်ဆရာ
စိုင်းအုပ်ဂေါင်က သိုင်းပညာလည်း တော်တော်ကို
တတ်တဲ့လူဗျ။

"ဝုန်း"

ကျုပ်က လှောင်အိမ်တံခါးကို 'ဝုန်း'ကနဲမြည်အောင်
ဆွဲဖွင့်လိုက်တယ်။

"စိုင်းအုပ် မင်း အိမ်ပြင်ထွက်တော့"

ဆရာ ကျုပ်ကို အိမ်ပြင်ထွက်ခိုင်းတယ်။
ကျုပ်လည်း အိမ်ပြင်ကို ပြေးထွက်ပြီး အိမ်ရှေ့မှာ
ကပျာကယာ လိုက်ရှာလိုက်တော့ နှစ်တောင်လောက်ရှည်တဲ့
သစ်ကိုင်းကျိုးတစ်ချောင်း သွားတွေ့တယ်ဗျ။လုံးပတ်က
ကျုပ် ထွာဆိုင်လောက်ရှိတယ်။ကျုပ်က အဲဒီတုတ်ချောင်းကို
လက်ထဲမှာ စုံကိုင်ပြီး အိမ်ထဲကို ကြည့်လိုက်တယ်။

ကြောင်နက်ကြီးက 'ဝေါင်း'ကနဲ မာန်ဖီပြီး ဆရာစိုင်းအုန်းဂေါင်ကို
လွှားကနဲ ခုန်အုပ်လိုက်ရောဗျို့။တကယ်ကို ကျားသစ်နက်ကြီး
လိုပါပဲဗျာ။ဆရာက သိုင်းတကယ်တတ်တဲ့ လူဆိုတော့
အသာကလေး ရှောင်လိုက်တာဗျ။

ရှောင်ပြီးတာနဲ့ လက်ထဲက ဓါးနဲ့ ကြောင်နက်ကြီးရဲ့
လက်ပြင်ကို တဆုံးထိုးချလိုက်တယ်။ဒါပေမဲ့
သူထင်သလို ဖြစ်မလာဘဲ ဓါးက ခုန်ထွက်လာတယ်ဗျ။
ဒီမှာတင် ကျုပ်ဆရာ မျက်နှာကွက်ကနဲ ပျက်သွားရောဗျို့

အရှိန်ပြီး အိမ်ရှေ့ကို ရောက်လာတဲ့ ကြောင်နက်ကြီးကို
ကျုပ်က ပြေးရိုက်လိုက်တယ်…

"ဖုန်း ။ ဘုတ်။ အား"

"ဖုန်း "ဆိုတာက ကြောင်နက်ကြီးကို ကျုပ် တုတ်နဲ့
ရိုက်လိုက်တဲ့ အသံဗျ။'ဘုတ်' ဆိုတာက ကြောင်နက်ကြီးက
ကျုပ်လက်ထဲက တုတ်ကို ပုတ်ချလိုက်တာ။'အား'ဆိုတာက
ကျုပ်လန့်ပြီးအော်လိုက်တာ။တုတ်ကို ပုတ်ချလိုက်တဲ့
လက်သည်းမဲမဲကြီးက ကျုပ်လက်ကို စိုက်ဝင်သွားတာဗျို့။

ကျုပ်လက်က သွေးတွေဆိုတာ ရဲကနဲ ဖြာကျသွားတယ်။
ဒီမှာတင် ကျုပ်ဆရာက အိမ်ရှေ့ကို ပြေးထွက်လာရောဗျ။
ဆရာ့ခြေသံကို ကြားလိုက်တော့ ကြောင်တစ်ရာဗိုလ်
ကြောင်နက်ကြီးက ဆရာ့ဘက်ကို လှည့်သွားတယ်။

"စိုင်းအုန်း အခြေအနေ မကောင်းတော့ဘူး။
ငါ အလိမ်ခံလိုက်ရပြီ ဒီဓါးက ကိုးသင်္ချိုင်းဓါးအစစ် 
မဟုတ်ဘူး။အတုကြီးကွ။အခြေအနေ မကောင်းရင်
မင်းပြေးပေတော့ ကြားလား စိုင်းအုပ်"

"ဟုတ်ကဲ့ ဆရာ"

"ဝေါင်း"

ခုန်အုပ်ပြီဗျို့။ ကြောင်တစ်ရာဗိုလ် ကြောင်နက်ကြီးက
ကျုပ်ဆရာကို ခုန်အုပ်တယ်။ ဆရာက လှစ်ကနဲ
ရှောက်ပြီး ဓါးနဲ့ လှမ်းထိုးတယ်။ ဓါးက ကြောင်ကို
မဖောက်နိုင်ဘူးဗျ။ပြန်ပြီး ခုန်ထွက်လာတယ်။
ဆရာက ထပ်ထိုးတယ်။ ဓါးက ခုန်ထွက်တယ် 
ထပ်ထိုးတယ်။ဒီမှာတင် ကြောင်နက်ကြီးက 
ဆတ်ကနဲ လှည့်ပြီး ဆရာလက်ထဲက ကိုးသင်္ချိုင်း
ဓါးအတုကြီးကို ပုတ်ချလိုက်တယ်။

"ဝေါင်း ဝေါင်း"

ဆရာ့လက်ထဲက ဓါးလည်း လွတ်အကျ ကြောင်နက်ကြီးကလည်း
ခုန်အအုပ်။ဆရာဟန်ချက်ပျက်ပြီး ပက်လက်လန်ကျသွားတယ်။

"ဝေါင်း ။ ဝေါင်း ။ ဝေါင်း "

ဟာ ကိုက်ပြီဗျို့။ဆရာလည်မျိုကို ကိုက်တော့တာပဲဗျာ။
သွေးတွေများ ပန်းထွက်လာလိုက်တာ မြင်လို့ကို 
မကောင်းဘူးဗျာ။ကျုပ်လည်း သုတ်ကနဲ လှည့်ပြေးပြီး
အိမ်ကြီးထဲက ဆရာ့တူတွေကို နှိုးရတော့တာပေါ့ဗျာ။
ဆရာ့တူသုံးယောက်လည်း လှံတွေ ဆွဲပြီး လက်နှိပ်ဓါးမီး
တစ်လက်စီနဲ့ လိုက်ချလာကြတာပေါ့ဗျာ။

ကြောင်လှောင်တဲ့ အိမ်ရှေ့ကို ရောက်တော့
ကြောက်နက်ကြီးက ဆရာရဲ့ နှလုံးကို ဖောက်စားထားပြီဗျ။

"ဟာ…ထိုးဟေ့ ။ လှံနဲ့ ထိုးကွ"

လို့ ဆရာတူသုံးယောက်က ညာသံပေးပြီး
လှံတွေနဲ့ ဝိုင်းထိုးကြရောဗျို့။ဒီတော့မှ ကြောင်နက်ကြီးက
သွေးတွေရွှဲစိုနေတဲ့ ပါးစပ်ကြီးနဲ့  …

"ဝေါင်း"

လို့ တစ်ချက်အော်ပြီးမှ ပြေးတော့တာဗျာ။
အိမ်နီးချင်းက လူတွေလည်း ဆူဆူညံညံ
အသံတွေကြားလို့ ရောက်လာကြရောဗျို့။
ဒီတော့မှ ကျားသစ်လောက်ကြီးတဲ့ ကြောင်နက်ကြီးကို
ရွာသားတွေ မြင်သွားပြီး ဝိုင်းလိုက်ကြတာပေါ့ဗျာ။

ဒီမှာတင် ကြောင်နက်ကြီးက ငှက်ပျောပင်ပေါ်
ခုန်တက်ပြီး ငှက်ပျောရွက်ပေါ်မှာ ထိုင်နေရောဗျ။
အဲဒါလည်း မြင်ရော ရွာသားတွေဆိုတာ 
ကြောက်ကုန်တော့တာပေါ့ဗျာ။ကြောင်နက်ကြီးရဲ့
အစွမ်းကို မှန်းလို့ ရသွားတာပေါ့…

ရွာခေါင်းက ဒီအကောင်ကြီးကို ရွာထဲက မောင်းထုတ်မှ
ဖြစ်မယ်ဆိုပြီး မီးတုတ်တွေနဲ့ ဝိုင်းလိုက်တော့မှ
ကြောင်တစ်ရာဗိုလ်ကြီး ရွာပြင်ထွက်ပြေးရောဗျ။
ရွာသားတွေလည်း နောက်က လိုက်မောင်းကြတာ။
တောကြီးထဲ ဝင်ပြေးသွားတော့မှပဲ ရွာထဲကို
ပြန်လာကြတော့တာဗျို့"

"နေပါဦး မောင်အုပ်ရဲ့။ မင်းဆရာစိုင်းအုန်းဂေါင် ဆိုတာက
ဆေးလေးဝါးလေးကုလို့ မီသေးရဲ့လား"

ဘိုးညီပုက ဘိုးအုပ်ကို မေးတာဗျ။

"ကိုညီပုရာ နှလုံးဖောက်စားသွားပါတယ်ဆိုမှ ခင်ဗျားနှယ်
ဘယ်ဆေးနဲ့ ကုလို့ရဦးမှာတုံး ။ သေတာပေါ့ဗျာ"

ကျုပ်တို့လူငယ်တွေဆိုတာ ဘိုးအုပ်ပြောတဲ့ 
ကြောင်တစ်ရာဗိုလ်အစီအရင်ကြီးကို မျက်တောင်
မခတ်နိုင်လောက်အောင် စိတ်ဝင်စားပြီး 
နားထောင်နေကြတော့တာဗျို့

"ညောင် "

"အောင်မယ်လေး"

ဒီတုန်းမှာပဲ ဘုန်းကြီးကျောင်းက ကြောင်ကြီးက
ကျုပ်တို့နောက်က ကပ်ပြီး 'ညောင်'ကနဲ အော်လိုက်တာကို
'အောင်မလေး'ဆိုပြီး လန့်အော်လိုက်ကြတာဗျာ

"ဟာ ကြောက်တစ်ရာဗိုလ်ကြီး"

ကျောက်ခဲက ကြောင်ကြီးကို လက်ညှိုးထိုးပြီး
အော်လိုက်တာဗျ။

"ဟား ဟား   ဟား  ဟား  ဘယ်ကကြောင်တစ်ရာဗိုလ်ကမှာလဲ
ကျောက်ခဲရာ ဒါ ဆရာတော့်ကြောင်ကြီးပါကွာ ဟား
ဟား ဟား ဟား ဟား"

လူငယ်တွေအားလုံး ဝိုင်းရယ်ကြတော့ ဘိုးအုပ်ရော
ဘိုးညီပုတို့ ဘိုးရုံတို့ လူကြီးတွေလည်း
ပြုံးပြုံးကြီးတွေ လုပ်နေကြတော့တာပေါ့ဗျာ

ဆရာတော်ကျောင်းက ကထိန်ပြီးသွားပေမယ့်
ကျုပ်စိတ်ထဲမှာ သံခနောက်က ဘိုးအုပ်ပြောသွားတဲ့
ကြောင်တစ်ရာဗိုလ် အစီအရင်ကြီးကို စွဲနေတော့တာပေါ့ဗျာ။

ရွာထဲသွားလို့ ကြောင်တွေ တွေ့ရင်တောင်မှ
ကျုပ်မှာ လိုက်လိုက်ကြည့်မိတဲ့အထိပဲဗျို့။
ကြောင်နက်တွေ တွေ့ရင်တော့ ပြောမနေနဲ့
လက်သည်းတွေထုတ်ကြည့် ။ ပါးစပ်ဖြဲပြီးတော့
လျှာတွေမဲသလားကြည့်နဲ့ ။ အလုပ်တော်တော်
များသွားတာဗျ။ 

ကထိန်ရာသီကုန်ပြီဆိုကတည်းက ကျုပ်တို့
အညာမှာက အေးတော့တာဗျ။ ဆောင်းရာသီအဝင်ပေါ့ဗျာ။
အေးတယ်ဆိုပေမယ့် မီးလှုံလောက်အောင် အေးတာတော့
မဟုတ်သေးဘူးဗျ။ ညဘက် အိပ်လို့ကောင်းရုံလေးပေါ့ဗျာ။
မနက်ဆိုရင် တော်တော်နဲ့ မထနိုင်ဘူးဗျ။
ပြန်ပြန်ပြီး အိပ်ပျော်သွားတာ။

"တာတေ ။ ဟဲ့ တာတေ ။ ထတော့ ။ ထတော့။
ဘန့်ဘွေးကုန်းက ငသိန်း ရောက်နေတယ်။
နင့်ကို နှိုးပေးပါဆိုလို့ "

"ဟင် ။ ကိုသိန်းမောင်လား။ စောစောစီးစီးပါလား။
ဘာကိစ္စများ ရှိလို့ပါလိမ့်"

ကျုပ်က အိပ်ရာက ကပျာကယာထပြီး မျက်နှာသစ်
လိုက်တယ်။ 

"ကိုကြီးသိန်း စောစောစီးစီးပါလား"

"စောဆို ဘိုးတော် နှိုးလိုက်လို့ကွ။ မင်းဘိုတော်ကြီး
ပေါက်ချလာလို့ဟေ့"

"ဘယ်သူတုံးဗျ။ ကျုပ်ဘိုးတော်ကြီးဆိုတာ"

"ဟကောင်ရ။ ဘယ်သူရှိဦးမှာတုံးကွ။ 
ဘိုးလူပေကြီးပေါ့"

"ဟာ ဟုတ်လား ဘိုးလူပေ ရောက်လာတယ် ဟုတ်လား"

"ဟုတ်ပါ့ဗျာ။ မနက်အစောကြီးကို ပေါက်ချလာတာဗျ။
နှင်းတွေ ဒီလောက်ပိတ်နေတာ ဘယ်လိုများ ရောက်လာတုံး။
မသိပါဘူးကွာ။ရောက်လို့ ဖင်တောင်မထိုင်ရသေးဘူး။
မောင်တာတေကို အခေါ်လွှတ်ဗျာလို့ ငါ့အဘက
ပြောတာဟေ့ ပြီးတော့ ဘိုးလူပေက မင်းကို  မှာလိုက်တယ်
ကိစ္စအရေးကြီးလို့ ခုချက်ချင်း ခရီးထွက်ရမယ်တဲ့ဗျာ။
မိဘတွေကို တစ်ခါတည်း ခွင့်ပန်ခဲ့ပါတဲ့"

ကျုပ်က အဘနဲ့ အမေကို အကျိုးအကြောင်း ပြောပြလိုက်တယ်။

"ဟဲ့ တာတေ။ ထမင်းကြမ်းလေးတော့ စားသွားဦးမှာပေါ့
ဟိုရောက်လို့ နင့်ဆရာကြီးက ခရီးတန်းထွက်ရင် 
ဘာမှစားဖို့ သောက်ဖို့ မမီဘဲ ဖြစ်နေဦးမယ် ။
ငသိန်းလည်း ဘာမှမစားခဲ့ရသေးဘူး မဟုတ်လား။
တာတေနဲ့ တစ်ခါတည်း စားသွား။မနေ့က
မီးလောင်ကုန်းက ငထော် လာပို့လို့ အမဲသားနဲ့
ဆီးသီးဝမ်းပြင်းလေး ချက်ထားတယ်"

အမေထည့်ပေးတဲ့ ထမင်းကြမ်းပန်းကန်လေးကို
ပေါ်ဦးပေါ်ဖျား ဆီးသီးလေးနဲ့ ချက်ထားတဲ့ 
အမဲသားဟင်းနဲ့ စားတော့တာပေါ့ဗျာ။

ကိုကြီးသိန်းမောင်လည်း ကျုပ်နဲ့အတူတူ 
ထမင်းကြမ်းစားသဗျ။ ဘန့်ဘွေးကုန်းနဲ့
ကျုပ်တို့ထနောင်းကုန်းဆိုတာ ဒီလိုပဲ နှစ်ရွာ့ တစ်ရွာ
နေကြတာဗျ။ သူအိမ်ကိုယ်စား ကိုယ်အိမ်သူစားပေါ့ဗျာ။

စားသောက်ပြီးတော့ ကျုပ်က အနွေးထည် ထပ်ဝတ်ပြီး
ဆေးလွယ်အိတ် လွယ်လိုက်တယ်။ ကိုကြီးသိန်းမောင်နဲ့
ကျုပ်နဲ့နဂါးဆေးပေါ့လိပ်ကလေး တစ်ယောက်တစ်လိပ်
ဖွာပြီး ထနောင်းကုန်းကနေ ထွက်လာခဲ့ကြတယ်။

ကိုကြီးသိန်းမောင်တို့ ဝိုင်းထဲဝင်တာနဲ့ ဝိုင်းထဲမှာ
အမှိုက်လှဲနေတဲ့ ဘိုးညိုက ကျုပ်ကို ရယ်ပြီးပြောတယ်။

"ကဲ …အိမ်ပေါ်ကိုသာ တန်းတက်ပေတော့ တာတေရေ။
အိမ်ပေါ်မှာ ဘိုးလူပေ မင်းကို စောင့်နေတယ်။
မင်းရောက်တာနဲ့ ခရီးထွက်မယ်လို့ ပြောနေတာကွ"

ဘိုးလူပေက တော်တော်အရေးကြီးနေတဲ့ပုံပဲဗျို့။
ကျုပ် အိမ်ပေါ်ကို လှေကားကနေ တန်းတက်လာတယ်။
ဘုရားစင်ရှေ့မှာ တင်ပလ္လင်ချိတ်ပြီး ထိုင်နေတဲ့
ဘိုးလူပေက ကျုပ်ကို ပြုံးပြနေတယ်ဗျ။

"မောင်တာတေ ရှိမှရှိပါ့မလားလို့ ကျုပ်မှာ 
စိုးရိမ်နေတာကွဲ့"

ဘိုးလူပေကတော့ ဘယ်အခါပဲ ပြန်တွေ့။ ပြန်တွေ့
ဒီအရွယ်ပဲဗျ။ သျှောင်တစ်စောင်းလေးနဲ့ ပုဝါလေးပေါင်းလို့ပဲ။
ဒါပေမဲ့ ကျုပ်စိတ်ထင်တော့ ဘိုးလူပေရဲ့ မျက်လုံးတွေက
အရောင်တွေ ပိုတောက်လာသလိုပဲဗျ။

'မဖဲဝါနေတဲ့ကျွန်း'မှာ ဘိုးလူပေ မီးထုံကူးတာ 
ကျုပ်ရေးခဲ့ဖူးတယ်လေဗျာ။

"ရှိပါတယ် ဆရာကြီးရဲ့။ ကျုပ်က ဘယ်မှာသွားတာ
လာတာ မရှိပါဘူး"

"အေး အေး ဟန်ကျပြီပေါ့ကွယ် မောင်တာတေရေ။
ကျုပ်တို့ ဆရာတပည့် ခရီးထွက်ကြရလိမ့်မကွဲ့"

"ဟုတ်ကဲ့ပါ ဆရာကြီး ။ကျုပ်မိဘတွေကို တစ်ခါတည်း
ခွင့်တောင်းပြီး ထွက်ခဲ့တာပါ ။ ကျုပ်ဘက်ကတော့
သွားဖို့ အဆင်သင့်ပါပဲဗျာ"

"အို ဒါဆိုရင်တော့ အခုပဲ ခရီးထွက်ကြတာပေါ့ကွယ်
ကိုညိုရေ။မင်းစီစဉ်ထားတဲ့ လှည်းသမား ခေါ်တော့ဟေ့"

"ဆရာကြီးက မနက်ထမင်းစားပြီးမှ သွားရောပေါ့ရှင်။
ကျမတို့က ထမင်းကျွေးချင်နေကြတာ"

ဘိုးညိုရဲ့ သမီးအကြီးက ဘိုးလူပေကို ဧည့်ဝတ်ပြု
စကားပြောတာဗျ။

"နောင်တစ်ခါရောက်မှ စားမယ်ကွာ။ ခုတော့ သွားရမယ့်
ခရီးက လှမ်းနေသေးတော့ ချက်ချင်းထွက်မှ 
ဖြစ်မှာမို့ပါကွယ်"

"နောင်တစ်ခါရောက်မှ စားမယ်ကွာ။ခုတော့ သွားရမယ့်
ခရီးက လှမ်းနေသေးတော့ ချက်ချင်းထွက်မှ 
ဖြစ်မှာမို့ပေါ့ကွယ်"

သိပ်မကြာဘူးဗျ။ဝိုင်းရှေ့မှာ လှည်းတစ်စီး ရပ်လိုက်တယ်
လှည်းဆွဲတဲ့ နွားကြီးတွေက ထွားထွားကြီးတွေဗျာ။
နှစ်ကောင့်လုံး နွားညိုတွေချည်းပဲဗျ။လှည်းမောင်းတဲ့
လူကို ကျုပ်လှမ်းကြည့်လိုက်တော့ ကိုလှထိန်ကြီးဗျ။

သူ့ညီလှစိန် ဆိုတာက ကျုပ်နဲ့ သူငယ်ချင်းဗျ။
လွှတ်ခင်တဲ့ကောင်။ ကျုပ်တို့ရွာက ရွှေတောင်ဦးဘုရားပွဲမှာ
ဒီကောင်နှင့် ကျုပ်က တာဝန်တွေ တွဲတွဲယူရတာများတယ်။

ပြတင်းပေါက်ကနေ ကျုပ် လှမ်းကြည့်လိုက်တာကို
ကိုလှထိန်ကြီးက မြင်တယ်ဗျ။

"ဟေ့ကောင် ထတော့။ချောင်းကြည့်မနေနဲ့ လာခဲ့။
မင်းနဲ့ မတွေ့တာကို ကြာပေါ့"

"ရှိပါတယ် ကိုကြီးလှထိန်ရ။ ဟိုကောင်လှစိန်နဲ့တော့
ကျုပ်က မကြာမကြာ တွေ့ပါတယ်"

ကျုပ်ပြောဆိုနေတုန်း ရှိသေးတယ်။
ဘိုးလူပေက လှေကားက ဆင်းနေပြီဗျ။ဘိုးလူပေကတော့
ဒီအတိုင်းပဲဗျ။လွှတ်စိတ်မြန်တဲ့ ဘိုးတော်ဗျို့။
သွားမယ်ဆိုတာနဲ့ လမ်းပေါ်ရောက်နေရောဗျ။

ကျုပ်လည်း ဆေးလွတ်အိတ်ကို စလွယ်သိုင်းလွယ်ပြီး
ဘိုးလူပေနောက်က ပြေးလိုက်ရတော့တာပေါ့ဗျာ။
ကိုသိန်းမောင်နဲ့ ဘိုးညိုက ကျုပ်တို့ကို လှည်းနားအထိ
လိုက်ပို့ကြတယ်။ ခုချိန်အထိ ဘိုးလူပေ ဘယ်ကိုသွားမှာမှန်း
ကျုပ် မသိဘူးဗျ။ စွတ်သာလိုက်လာတာ။

"လှထိန် ။ မင်း လှည်းကို မြောက်က ထွက်ရမှာ။
ယင်းချောင်းမရောက်ခင် ခပ်သွက်သွက်သာမောင်း။
ယင်းကျော်သွားရင် ထီးဂလိုင်က ဘာမှမဝေးတော့ဘူး။
ဆရာကြီးကို ထီးဂလိုင်မှာ ထားခဲ့ပြီး ချက်ချင်းပြန်မောင်းခဲ့။
ဒါမှ ရွာကို အချိန်ကောင်း ပြန်ရောက်မှာ"

"ဟုတ်ကဲ့ ဘိုးညို"

ကိုကြီးလှထိန်က ဘိုးညိုပြောတာကို ခေါင်းညိတ်ပြပြီး
ပြောတယ်။ဒီတော့မှ ကျုပ်တို့ သွားမှာ ထီးဂလိုင်ဆိုတာ
သိရတော့တာဗျို့။

ကိုကြီးလှထိန်ရဲ့ လှည်းက ရွာမြောက်ဘက်တံခါးက
ထွက်တယ်။ တကယ်တော့ တောင်ချွန်းတို့ ထီးဂလိုင်တို့ဆိုတာ
သိပ်ဝေးတာမဟုတ်ဘူးဗျ။ယင်းချောင်း ဖြတ်ကူးနေရလို့သာ
ခရီးထောက်တာဗျ။ တောင်ကျရေရှိတဲ့ အချိန်ဆိုရင်
ဒီယင်းချောင်းကြီးကလည်း ကြောက်ရသားဗျ။

ကျုပ် တစ်ခါ ညဘက်ကြီး တောင်ကျရေနဲ့ 
ပါသွားခဲ့ဖူးတယ်လေဗျာ။ ခင်ဗျား မှတ်မိသေးလားတော့
မသိဘူး။ 'တစ္ဆေကြီးနေတဲ့အိမ်' ဝတ္ထုမှာ
ကျုပ်ရေးပြဖူးပါတယ်။ 

ဘန့်ဘွေးကုန်းက ထွက်လာပြီး နာရီဝက်လောက်
မနားတမ်း မောင်းလိုက်တော့ ထိန်ကုန်းကို ရောက်ရောဗျ။
လှည်းလမ်းက ရွာပြင်က ပတ်သွားတာဆိုတော့ 
ရွာထဲမရောက်ဘူးပေါ့ဗျာ။မရောက်တာပဲ ကောင်းပါတယ်။

ထိန်ကုန်းမှာကလည်း ကျုပ်အသိတွေ များသားဗျ။
ဟိုလူနှုတ်ဆက် ဒီလူ့နှုတ်ဆက်နဲ့ ကြားနေရင်
 ဘိုးလူပေကလည်း စိတ်မြန်မြန်နဲ့ဆိုတော့ ကြိုက်မှာ
မဟုတ်ဘူးဗျ။ ထိန်ကုန်းကျော်လာတော့မှ
ဘိုးလူပေက ကျုပ်ကို ပြောတာဗျ။

"မောင်တာတေကို အခုသွားမယ့်ကိစ္စနဲ့ ပတ်သက်ပြီးတော့
အနည်းအကျဉ်းတော့ ပြောထားရဦးမယ်ကွဲ့"

"ဟုတ်ကဲ့ပါ ဆရာကြီး"

"မောင်တာတေ ။ ကြောင်တစ်ရာဗိုလ် အစီအရင်ဆိုတာ
ကြားဖူးသလားကွဲ့"

"ဗျာ ။ ကြောင်တစ်ရာဗိုလ် ဟုတ်လား ဆရာကြီး"

"အေးလကွယ် မောင်တာတေ မကြားဘူးသေးရင်
ကျုပ်က ပြောပြမလို့ပါ"

"ဟာ …ကြားဖူးတယ် ဆရာကြီး။အရင်ကတော့
မကြားဖူးဘူးဗျ။ဟိုတလောကမှ ပုဗ္ဗာရုံကျောင်းကထိန်မှာ
သံခနောက်က ဘိုးအုပ်ကြီး ပြောပြတာ ဆရာကြီးရဲ့။
ဘိုးအုပ်က ကိုယ်တွေ့ဗျ။သူငယ်ငယ်က ကြုံခဲ့တာ
သူဆရာကိုယ်တိုင် စီရင်တာဆိုပဲ"

"နို့ အစီအရင် အောင်သတဲ့ဗျ"

"ဟာ မအောင်ဘူးဗျ။ ကြောင်တစ်ရာဗိုလ် ဖြစ်သွားတဲ့
ကြောင်နက်ကြီးကို အဲဒီဆရာက မသတ်နိုင်ဘူး။
ကြောင်တစ်ရာ ဗိုလ်ကြီးကသာ ဘိုးအုပ်ရဲ့ ဆရာကို
သတ်သွားတာဗျ"

ဘိုးလူပေက ကျုပ်ပြောတာကို နားထောင်ပြီး
ခေါင်းညိတ်ပြတယ်။ ပြီးတော့မှ ပြောသဗျ။

"မောင်တာတေက ဗဟုသုတရှိတော့လည်း 
ကောင်းတာပေါ့ကွယ်။ဒါဆိုရင် ကျုပ်ပြောလို့ရပြီပေါ့။ 
မောင်တာတေ ကြားဖူးတဲ့ ကြောင်တစ်ရာဗိုလ်
အစီအရင်လိုမျိုး အစီအရင်တစ်ခု ပညာသည်တွေကြားမှာ
ရှိတယ်ကွဲ့။ဒီအစီအရင်က ကြောင်တွေနဲ့
စီရင်ရတာ မဟုတ်ဘူး။ လူတွေနဲ့ စီရင်ရတာ
လူမှ ရိုးရိုးလူ မဟုတ်ဘူး။ပညာသည်တွေနဲ့
စီရင်တာကွဲ့။လူလူချင်း နှလုံးကို အရှင်လတ်လတ်
ဖောက်စားရတာ"

"ဟာ …ရက်စက်လှချေလားဗျာ"

"ဟုတ်တယ် မောင်တာတေ။ပညာသည်ဆိုတာ
ပညာရူးတွေကွဲ့။သူတို့ပညာ အထွတ်အထိပ်ရောက်ဖို့
တစ်ခုပဲ သိကြတာ။ဒီအတွက်ဆိုရင် လူသတ်ရမှာလည်း
ဝန်မလေးကြဘူး။အစိမ်းစားရမှာလည်း ဝန်မလေးကြဘူး။
အခုပြောတဲ့ အစီအရင်ကို ' စုန်းကိုး မှော်ကိုး ကဝေကိုး'
အစီအရင်လို့ ခေါ်တယ်"

"ဆရာကြီးရယ် ကျုပ်ဖြင့် ကြားရုံနဲ့တင် ကျောချမ်းလှပါပြီဗျ"

"အင်း …တကယ်လည်း ကျောချမ်းစရာ ကောင်းပေတယ်
မောင်တာတေ။ပထမဆုံး စုန်းတွေရှာပြီး ပညာပြိုင်ရတယ်
နိုင်သွားရင် စုန်းရဲ့ နှလုံးကို အရှင်လတ်လတ် ထုတ်ယူပြီး
အစိမ်းစားရတယ် နှလုံးကို ဖောက်ယူတဲ့အခါမှာလည်း
ဓါးနဲ့ မဖောက်ရဘူးကွ။လက်ချောင်းတွေက ထွက်တဲ့
စက်တွေနဲ့ ထိုးဖောက်ပြီး လက်နဲ့ နှိုက်ထုတ်ယူရတာ။
စုန်းက လဲကျပြီး ဆန့်ငင်ဆန့်ငင် ဖြစ်နေတဲ့အချိန်မှာ
နှလုံးကို မန္တန်ရွတ်ပြီး အစိမ်းစားရတယ်။
အကုန်စားဖို့တော့ မလိုဘူးကွ။ကိုးကိုက် ကိုက်ဖဲ့ပြီး
ကိုးကြိမ် ဝါးစားရတယ်"

"အောင်မယ်လေးဗျာ တော်တော်လည်း ရက်စက်တဲ့
လူတွေပဲ ဆရာကြီးရာ"

"ဟုတ်တယ် မောင်တာတေ။ တော်တော်ကို ရက်စက်
ကြမ်းကြုတ်တဲ့ အစီအရင်ပဲကွဲ့"

"ကျုပ် တစ်ခုမေးပါရစေ ဆရာကြီး"

"မေးပါကွယ် မေးပါ"

"ဒီအစီအရင်ကို လုပ်တဲ့လူက စုန်းလား ကဝေလား
ဆရာကြီး"

"ကဝေကြီးတွေပေါ့ကွယ် ပညာတွေ ကမ်းကုန်သလောက်
တတ်ပြီးတာတောင် မကျေနပ်နိုင်ကြဘဲ ဘီိလူးမှော်လို့ခေါ်တဲ့
ဒီအစီအရင်ကြီးကို လုပ်ကြတာကွဲ့"

"နို့ နေပါဦး ဆရာကြီးရဲ့။ ဒီကဝေကြီးက အခုပြောတဲ့
ဘီလူးမှော်အောင်သွားခဲ့ရင် ဘာဖြစ်နိုင်လို့တုံး"

"လက်နက်အမျိုးမျိုး ပြီးတာပေါ့ကွယ် တုတ်
ဓါး လှံတွေလောက် မပြောနဲ့ သေနတ်အမျိုးမျိုး ဗုံးအမျိုးမျိုး
အမြောက်အမျိုးမျိုး အားလုံးပြီးတယ် မောင်တာတေရဲ့။
ဒီအဆင့်ကို အောင်သွားလို့ အတွင်းစခန်းဝင်ပြီး
ကျင့်ကြံနိုင်ခဲ့ရင် အောက်လမ်းဝိဇ္ဇာဖြစ်ပြီး အသက်ကို
ထောင်ချီပြီး နေလို့ရသွားတာပေါ့ကွယ်"

"သြော် ဒါကြောင့်လုပ်တာကိုး"

"အခု ကျုပ်သွားရမယ့်ကိစ္စပဲကွဲ့ ။ ကဝေပညာကို
ကမ်းခတ်အောင်တတ်တဲ့ ဒိဗ္ဗလို့ခေါ်တဲ့ ကဝေကြီးက
အခုနပြောတဲ့ စုန်းကိုး မှော်ကိုး ကဝေကိုးလို့ခေါ်တဲ့
ဘီလူးမှော်ကြီးကို အောင်ကာနီးနေပြီ မောင်တာတေရဲ့
ဒီကောင် ဒိဗ္ဗက စုန်းမကြီးကိုးယောက်ရဲ့ နှလုံးကို
ဖောက်စားပြီးပြီ မှော်ပညာသည် ကိုးယောက်ရဲ့
နှလုံးကိုလည်း စားပြီးပြီ ။ သူ့ထက်နိမ့်တဲ့
ကဝေရှစ်ယောက်ရဲ့ နှလုံးသားကိုလည်း
စားပြီးပြီ။ အခုလာမယ့် လပြည်ညမှာ 
ကိုးယောက်မြောက်ကဝေရဲ့ နှလုံးကို စားလိမ့်မယ်"

"ဟာ …ဟုတ်လား ဆရာကြီး ။ လပြည့်နေဆိုတော့
မနက်ဖြန်ပဲ"

"ဟုတ်တယ်ပေါ့ မောင်တာတေရဲ့ ။ 
ဒါကြောင့် ကျုပ်က တက်သုတ်နှင်ပြီး 
ခရီးဆက်ခဲ့ရတာကွ"

"အဲဒီကဝေကြီး သတ်မယ့် ကိုးယောက်မြောက်
ကဝေက ထီးဂလိုင်မှာနေတဲ့လူလား ဆရာကြီး"

"မဟုတ်ဘူး မောင်တာတေ။ထီးဂလိုင် အနောက်ဘက်က
တောင်ပေါ်ကို တက်ရမှာ။အဲဒီမှာ ကဝေတောင်လို့
ခေါ်တဲ့ တောင်တစ်လုံးရှိတယ်။ ဒါပေမဲ့ ဒီနာမည်ကို
အရပ်ထဲက လူတွေက မသိကြပါဘူး။သူတို့က
အင်ကြင်းတောင်လို့ပဲ ခေါ်ကြတာ။
အင်ကြင်းတောကြီး ရှိတာကိုး ။ ပြီးတော့
အင်ကြင်းကျောက်တွေလည်း ပေါမှပေါကွဲ့။
ဒီအနီးအနားက လူတွေက ရွာထဲမှာ 
ရေတွင်းပေါက်ခွေဖို့ အင်ကြင်းကျောက်လိုရင်
သွားရှာတဲ့တောင်ပေါ့ကွယ်"

"သြော်…ထီးဂလိုင်က လူတွေကတော့
အင်ကြင်းတောင်ဆိုရင် သိမှာပေါ့နော် ဆရာကြီး"

"ဟာ သိတာပေါ့ မောင်တာတေရဲ့။ ဒီကောင်တွေ
အင်ကြင်းကျောက် ရှာတဲ့တောင်ပဲဟာ"

"ဒါထက် နေပါဦး ဆရာကြီးရဲ့။ ဒီကဝေကြီး
ဦးဒိဗ္ဗက သူနဲ့ ပြိုင်မယ့် ကဝေကို ဒီတောင်မှာ
ချိန်းထားလို့လားဗျ"

"ဟား ဟား ဟား ဟား မောင်တာတေကတော့
အတွေးတော်တော်နက်တဲ့ လူငယ်ပေပဲကိုး။
ဘယ်ကဝေကမှ ဒိဗ္ဗနဲ့ ပညာမပြိုင်ရဲဘူးကွ။
ဒိဗ္ဗက အတင်းလိုက်ရှာပြီး သတ်လို့သာ
ကြောက်ကြောက်လန့်လန့်နဲ့ ဒိဗ္ဗကို
 ပြန်လုပ်ကြရရှာတာ"

"ဟင် ဒါဆိုရင် ဦးဒိဗ္ဗက ကိုးယောက်မြောက်
ကဝေကို ဖမ်းခေါ်လာပြီး ဒီတောင်ပေါ်မှာ 
သတ်မှာလား ဆရာကြီး"

ဘိုးလူပေက ကျုပ်မေးတာကို ပြုံးပြီးခေါင်းခါပြတယ်
ပြီးတော့မှ မပြောချင် ပြောချင်နဲ့ ပြောတာဗျို့

"ကိုးယောက်မြောက် နောက်ဆုံးကတော့
တခြားသူမဟုတ်ဘူး မောင်တာတေ။ 
သူကိုယ်တိုင်ပဲကွဲ့"

"ဗျာ သူကိုယ်တိုင် ဟုတ်လား ဆရာကြီး"

ကျုပ်ဖြင့် အံ့သြလိုက်တာဗျာ။ ဘယ်လိုယုံရမှန်းတောင်
မသိတော့ဘူးဗျ။ ဆရာကြီးကိုလည်း ဘာမေးရမှန်းတောင်
ကျုပ်မသိတော့ပါဘူးဗျာ။

"ဟုတ်တယ် မောင်တာတေ။ ကဝေတောင်ထိပ်မှာ
ထက်ပိုင်းကျိုးနေတဲ့ ရုပ်တုဟောင်းကြီးတစ်ခုရှိတယ်
အဲဒီရုပ်တုကြီးရဲ့ ဘေးမှာ ရေကန်လေးတစ်ကန်လည်း
ရှိတယ် ။ ဒီအနီးအနားက လူတွေဟာ အဲဒီအရုပ်ကြီးကို
နတ်ရုပ်ကြီးပဲ ထင်ကြတာ။ ဘေးမှာ ပြိုကျနေတဲ့
အဆောက်အဦးပျက်ကလည်း နတ်ကွန်းအပျက်ပဲ
ထင်ကြတယ်။ တကယ်တော့ ထက်ပိုင်းကျိုးနေတဲ့
အရုပ်ကြီးက နတ်ရုပ်ကြီးတော့ ဟုတ်တယ်ကွဲ့။

ဒါပေမဲ့ အဲဒါ ကဝေနတ်ကြီးရဲ့ ရုပ်တုကြီး
မောင်တာတေရဲ့။ပြိုကျနေတဲ့ အဆောက်အဦးက
ကဝေနတ်ကြီးကို ယစ်ပူဇော်တဲ့ ယစ်ပလ္လင်
အဆောက်အဦးကြီးကွဲ့။

ဟိုတုန်းကတော့ ဒီတောင်ပေါ်မှာ အဆင့်အမြင့်ဆုံး
ကဝေပညာတွေ တက်လှမ်းတဲ့နေရာပေါ့ကွယ်
ပြီးရင် ယစ်ပလ္လင်ရှိတဲ့ အဆောက်အဦးထဲမှာ
အတွင်းစခန်းဝင်ကြတယ်။ အခုနောက်ပိုင်းမှာတော့
ကဝေက ပညာအဆင့် ဒီလောက်မမြင့်ကြတော့
ကဝေတောင် ဘယ်နားမှာ ရှိမှန်းတောင် 
မသိကြဘူးကွဲ့။ဒိဗ္ဗတစ်ယောက်သာ ဒီအဆင့်ထိ
တက်လာနိုင်တာ"

"နေပါဦး ဆရာကြီးရဲ့။ကဝေကြီး ဦးဒိဗ္ဗက သူ့နှလုံးကို
ထုတ်ပြီး သူ ဘယ်လိုစားမှာတုံး ။ ဆရာကြီးရဲ့။
နှလုံးထုတ်လိုက်ရင် သူသေသွားပြီမဟုတ်လားဗျ"

"အင်း…ဒီကိစ္စက မေးထိုက်တဲ့ကိစ္စပေါ့ကွယ်
ဒီလို မောင်တာတေရဲ့ ။ လူတစ်ယောက်အနေနဲ့တော့
ကိုယ့်နှလုံးကို ကိုယ့် ဘယ့်နှယ်လုပ်ပြီး ထုတ်မတုံး။
သေသွားဖို့ပဲ ရှိတာပေါ့။ 

ဒိဗ္ဗတို့လို"စုန်းကိုး မှော်ကိုး ကဝေကိုး"ဆိုတဲ့
ဘီလူးမှော် အစီအရင် အောင်လာခဲ့တဲ့
လူကတော့ မသေဘူး မောင်တာတေရဲ့။
ကဝေမန္တန်တွေရွတ်ပြီး လက်ကထွက်တဲ့
စက်တွေနဲ့ သူ့နှလုံးကို သူကိုယ်တိုင် 
ဖောက်ထုတ်ယူပြီးကိုးကိုက် ကိုက်စားလိုက်နိုင်ရင် 
သူ့ရဲ့ အသက်ဝိညာဉ်မဲ့တဲ့ ကိုယ်ကြီးဘေးမှာ
ချက်ချင်းရုပ်အသစ်တစ်ခု ပေါ်လာရောကွ။

ဒါဆိုရင် ဒိဗ္ဗ အောင်သွားပြီပေါ့ကွာ
သူရဲ့ အသက်မရှိတော့တဲ့ ခန္ဓာဟောင်းကြီးကို
သူကိုယ်တိုင်ပဲ အောက်လမ်းအင်းနဲ့ပေါက်ပြီး
မီးသင်္ဂြိုဟ်ပစ်လိုက်မှာပေါ့။သူ့ရဲ့ ခန္ဓာအသစ်က
ခန္ဓာအဟောင်းနဲ့ တစ်ပုံစံတည်းပဲလေ။
သူ့ကို ဒိဗ္ဗအသစ်ဖြစ်လာမှန်း ဘယ်သူမှ
သိမှာမဟုတ်ဘူးကွဲ့"

"ဒါဆိုရင် ဆရာကြီး အခုလာတဲ့ ကိစ္စက…"

ကျုပ်စကားမဆုံးခင်ပဲ ဘိုးလူပေက ပြောသဗျ။

"အထက်ပုဂ္ဂိုလ်ကြီးတွေက ဒိဗ္ဗကို အောက်လမ်းဝိဇ္ဇာ
ဖြစ်ခွင့်မပေးနိုင်ကြဘူးကွဲ့။ ဒါကြောင့် ကျုပ်ကို
လွှတ်လိုက်ကြတာ"

"သြော် …ကျုပ် သိပါပြီ ဆရာကြီး"

ကိုလှထိန် မောင်းတဲ့လှည်းက ရွာတော်ကြီးကိုကျော်တော့
ယင်းချောင်းကို ရောက်လာတယ်။ ယင်းချောင်းထဲမှာ
ရေက ဒူးခေါင်းမြုပ်ရုံလောက်ပဲ ရှိတာဗျ။လှည်းက
မှန်မှန်လေးမောင်းပြီး ဖြတ်ကူးလိုက်တယ်။
ယင်းချောင်းဖြတ်ပြီးတော့ တောင်ချွန်း။ 
တောင်းချွန်းပြီးတော့မှ ထီးဂလိုင်ကို
ရောက်တာဗျ။

ထီးဂလိုင်ရောက်တော့မှ ဘုန်းကြီး ဆွမ်းစားတုန်းပဲ
ရှိသေးတာ။

"မောင်လှထိန် ဆရာတို့ ရွာထဲ မဝင်ဘူးကွဲ့။
အနောက်ဘက်က တောင်ခြေနားကိုသာ
မောင်းပေးကွယ်"

"ဟုတ်ကဲ့ ဆရာကြီး"

လို့ ကိုလှထိန်က ပြောပြီး အနောက်ဘက်သွားတဲ့
လှည်းလမ်းအတိုင်း လိုက်သွားတယ်။ တောင်ခြေနဲ့
နီးလာတော့ ဘိုးလူပေက ပြောတယ်။

"ရပြီ ရပြီ မောင်လှထိန် ။ လှည်းကို ဒီမှာပဲ
ရပ်တော့ကွဲ့"

လှည်းရပ်တော့ ဘိုးလူပေက သူ့အိတ်ကြီးထဲက
ငှက်ပျောသီးတွေထုတ်ပြီး ကိုလှထိန်ကို တစ်လုံး
ကျွေးတယ်။ကျုပ်ကို တစ်လုံးကျွေးတယ်။
သူကိုယ်တိုင်လည်း တစ်လုံးစားတယ်။

"ကဲ …မောင်လှထိန် ပြန်ပေတော့။ငှက်ပျောသီးတစ်လုံး
စားထားတော့ နှစ်ရက်လောက်တော့ ဗိုက်ဆာမှာ
မဟုတ်ဘူးကွဲ့"

ကိုလှထိန်က ဘိုးလူပေ ပြောတဲ့စကားကို 
ကြားတော့ အံ့သြပြီး ကျုပ်ကို လှည့်ကြည့်တယ်။
ကျုပ်က သူ့ကို ခေါင်းညိတ်ပြလိုက်တော့မှ
ကိုလှထိန်က ကျုပ်ကို နှုတ်ဆက်တယ်။

"ဆရာကြီး ဒါဆိုရင် ကျုပ်ပြန်တော့မယ်
တာတေ ငါပြန်မယ်"

ကိုလှထိန် လှည်းမောင်းပြီး ပြန်သွားတာနဲ့
ဘိုးလူပေက တောင်ပေါ်ကို စပြီးတက်ရောဗျို့။
တစ်တောင်တက်လိုက် ။ 

နောက်တစ်တောင်တက်လိုက်နဲ့
ငါးလုံးမြောက်တောင်ကို တက်တော့မှ
တစ်တောင်လုံး အင်ကြင်းပင်တွေ 
ပေါက်နေတာကို တွေ့ရတော့တာဗျ။

"ဒီတောင်ပဲ မောင်တာတေရဲ့။ ဒါကဝေတောင်ပဲ"

ကျုပ်နဲ့ ဘိုးလူပေ တောင်ထိပ်ကိုရောက်တော့…

"ဟာ …ဟုတ်သားပဲ ။ နတ်ရုပ်အကျိုးကြီး"

"ဟုတ်တယ် မောင်တာတေ။အဲဒါ ကဝေနတ်ကြီးရဲ့
ရုပ်တုပဲကွဲ့။တစ်ဝက်လောက်က ကျိုးကျသွားတော့
ဟိုမှာတွေ့လား ရေကန်လေး။အဲဒါ ကဝေနတ်ကြီး
ဖန်ဆင်းထားတဲ့ ရေကန်လို့ ကဝေကြီးတွေက
ယုံကြတယ်။ နွေ မိုး ဆောင်း ဘယ်အခါမှ
ရေမခမ်းဘူးကွဲ့။ 

အစီအရင်လုပ်မယ့် ကဝေက အဲဒီကန်မှာ
ရေချိုးရတယ်။ ဟိုမှာတွေ့လား ပြိုကျနေတဲ့
အဆောက်အဦး။အဲဒါ ယစ်ပလ္လင်ဆောင်လို့
ခေါ်တယ်။အဲဒီမှာ အတွင်းစခန်း ဆက်ဝင်ရတာကွဲ့။
လာ…လာ ။ ကျုပ်တို့ ပုန်းဖို့နေရာ ရှာဦးမှ။
ဒီကောင်က  ဒီည ရောက်ရင်ရောက်။
မရောက်ရင် မနက်ဖြန်မှ ရောက်လိမ့်မယ်"

ကဝေနတ်ရုပ်ကြီးနဲ့ ခပ်လှမ်းလှမ်းမှာ
 ကျောက်ထရံကြီးဗျ။ဘိုးလူပေက
အဲဒီကျောက်ထရံကြီးဘက်ကို သွားတယ်။
ကျုပ်လည်း နောက်က လိုက်ရတာပေါ့ဗျာ။
ကျောက်ထရံနောက်မှာ ကျောက်တုံးတွေရော။
ကျောက်ဖျာတွေရော ရှိတယ်ဗျ။

ဒီနေရာမှာ ဒီတစ်ည ပုန်းအိပ်ဖို့ အတော်ပဲဗျ။
ညရောက်တော့ လက တော်တော်သာနေပြီ။
ကျုပ်လည်း မောမောနဲ့ အိပ်လိုက်တာ
တစ်ရေးတောင် မနိုးဘူးဗျို့။

"မောင်တာတေ မောင်တာတေ ထ ထ ။
နိုးနိုးကြားကြားနေ ။ဒိဗ္ဗ တောင်ပေါ်တက်လာပြီ"

ဘိုးလူပေက လေသံအုပ်အုပ်ကလေးနဲ့ နှိုးတာဗျ။
ကျုပ်လည်း ကပျာကယာထပြီး ကျောက်ထရံကြီး
နောက်ကနေ ချောင်းကြည့်လိုက်တယ်။

လရောင်အောက်မှာ လူကြီးတစ်ယောက်
တောင်ပေါ်ကို တက်လာတာ တွေ့ရတယ်ဗျို့။
လူက ပုပြတ်ပြတ်ဗျ။ သျှောင်ထုံးကြီးနဲ့
ပုဆိုးက ကွက်တုံးကြီးဝတ်လို့။ လွတ်အိတ်ကြီး
တစ်လုံးကို စလွယ်သိုင်း လွယ်ထားတယ်။
ဒီလူကြီးရဲ့ မျက်လုံးတွေက အရောင်ကို
တောက်နေတာဗျ။လရောင်အောက်မှာတင်
တဖျတ်ဖျတ်လက်နေတာ။

ဦးဒိဗ္ဗကြီးက ရောက်ရောက်ချင်း ထက်ပိုင်းကျိုးနေတဲ့
ကဝေနတ်ရုပ်ကြီးရှေ့မှာ ဒူးထောက်ပြီး ရှိခိုးလိုက်တယ်
ပြီးတော့မှ နတ်ရေကန်ဘက်ကို လျှောက်သွားတယ်။
ပြိုကျနေတဲ့ ယစ်ပလ္လင်ဆောင်ကို လှမ်းကြည့်ပြီး
ခေါင်းညိတ်တယ်။

ဒီလူကြီးက တစ်နေ့ကုန် ကဝေနတ်ရုပ်ကြီးရှေ့မှာ
ထိုင်ပြီး မန္တန်တွေ ရွတ်နေရောဗျို့။ဘိုးလူပေလည်း
ကျောက်ထရံနောက်က ကျောက်ဖျာပေါ်မှာ
တင်ပလ္လင်ခွေထိုင်ပြီး ပုတီးစိပ်တော့တာပေါ့ဗျာ။
ကျုပ်ကတော့ ကင်းသမားဗျ။ကဝေကြီး
ဦးဒိဗ္ဗကို မျက်ခြည်မပြတ် ကြည့်နေရတာပေါ့ဗျာ။

မိုးချုပ်ပြီ။တောင်တွေကို ကျော်ပြီး လထွက်လာတယ်ဗျ။
တဖြည်းဖြည်းနဲ့ တစ်တောလုံး လင်းသွားတယ်။

"မောင်တာတေ။ရော့ ဟောဒီအင်းချပ်ကို ယူထား။
လက်ထဲကနေ လွတ်မကျစေနဲ့။ကျုပ်က ပစ်ဆိုတော့မှ
ဒိဗ္ဗကို အနားကပ်ပြီး ပစ်ပေတော့။ဘာကိုမှ
မကြောက်နဲ့ ကြားလား။ကျုပ်မပြောဘဲနဲ့တော့
ဒီအင်းကို မပစ်နဲ့နော် မောင်တာတေ"

"ဟုတ်ကဲ့ပါ ဆရာကြီး"

"ခဏစောင့်ရဦးမယ်ကွဲ့။လမွန်းတည့်တာနဲ့
ဒီကောင်လုပ်ငန်းစမှာပဲ"

ဟုတ်တယ်ဗျို့။ဘိုးလူပေပြောတဲ့ အတိုင်းပဲဗျာ။
လမွန်းတည့်ကာနီးတာနဲ့ ကဝေကြီး ဦးဒိဗ္ဗက
ကဝေမန္တန်တွေ ရွတ်တာပဲဗျာ။သူ့အသံသြသြကြီးနဲ့
မန္တန်ရွတ်လိုက်တာ ကဝေတောင်ကြီးတစ်ခုလုံးကို
ဟိန်းနေတော့တာဗျ။

လမွန်းတည့်ပြီဗျို့။

"လာ မောင်တာတေ ထွက်တော့။ ဒီကောင်
အလုပ်စတော့မယ်"

ကျုပ်နဲ့ ဘိုးလူပေ ပုန်းနေတဲ့ ကျောက်ထရံကြီးနောက်က
ထွက်လာပြီး အင်ကြင်းပင်ကြီးတွေ ကွယ်ရင်းနဲ့
ကဝေနတ်ကြီး အနားကို ကပ်လာခဲ့ကြတာပေ့ါဗျာ။

ဟော ဦးဒိဗ္ဗလက်က စက်တွေထွက်လာပြီဗျို့။
ဝင်းဝင်းတောက်နေတဲ့ စက်တွေဗျ။ ကျုပ်ဖြင့်
ဒီလိုစက်မျိုး တစ်ခါမှ မမြင်ဖူးပါဘူးဗျာ။
ဟော ဟော စက်တွေနဲ့ သူ့ရဲ့ ရင်ညွှန်ပေါ်ကို
ထောက်လိုက်ပြီဗျို့။ ရင်ညွှန့်တည့်တည့်မှာ
လက်ကို တင်ထားတာဗျ။

ကဝေကြီးက နတ်ရုပ်ရှေ့မှာ တင်ပလ္လင်ခွေထိုင်ပြီး
လုပ်နေတာဗျ။ အပေါ်ပိုင်းက အင်္ကျီအမပါတဲ့
ကိုယ်ဗလာနဲ့ဗျို့။

ပါးစပ်က မန္တန်တွေကို မပြတ်ရွတ်လေ စက်တွေက
အရောင်တောက်လာလေဗျ။ ဟာ စက်တွေက
ဦးဒိဗ္ဗရဲ့ ကိုယ်ထဲကို ဖောက်ဝင်သွားပြီး သူ့ကိုယ်ကြီး
တစ်ခုလုံး လင်းနေပြီဗျို့။ မျက်လုံးထဲကလည်း
စက်တွေ ထွက်လာတယ်။ ပါးစပ်ထဲကလည်း
စက်တွေ ထွက်လို့ဗျ။

ကျုပ်စိတ်ထင်တာကတော့ လက်ကထွက်နေတဲ့
စက်တွေဟာ ကိုယ်ထဲကို ဝင်သွားပြီး ကိုယ်ထဲက
ပြန်ဖောက်ထွက်လာတာ ထင်တယ်ဗျ။
ဟာ…ရင်ညွန့်တည့်တည့်ကို ဦးဒိဗ္ဗရဲ့ လက်ကြီး
ဝင်သွားပြီဗျို့။ ဟော ဆွဲထုတ်နေပြီ။

ဆွဲထုတ်နေပြီ။ ပါလာပြီဗျို့။ပါလာပြီ။
သွေးတွေရဲနေတဲ့ ဦးဒိဗ္ဗရဲ့ နှလုံးကြီးက
ဦးဒိဗ္ဗရဲ့ လက်ထဲမှာ ဆုပ်လျက်သားကြီး
ပါလာပြီ…

ဟာ …ပြေးထွက်သွားပြီဗျို့။ ကျုပ်ဆရာ
ဘိုးလူပေက ပြေးထွက်သွားပြီ။ဘိုးလူပေက
ဒီအချိန်ကို စောင့်နေတာ ထင်တယ်ဗျ။

"ဟေ့ …ဒိဗ္ဗ။ မင်းကို အစီအရင်အောင်ခွင့်
မပြုနိုင်ဘူးဟေ့"

ပြောပြောဆိုဆိုနှင့် ဘိုးလူပေက လက်ထဲက
အစိမ်းရောင် စက်တွေ လွှတ်လိုက်တယ်။
သူ့နှလုံးကို သူကိုယ်တိုင် ကိုက်တော့မလို
လုပ်နေတဲ့ ကဝေကြီးက တုံ့ကနဲ ရပ်သွားပြီး
စက်တွေ တဖျန်းဖျန်း ထွက်နေတဲ့ မျက်လုံးကြီးတွေနဲ့
ဘိုးလူပေကို လှမ်းကြည့်လိုက်တယ်။

ပြီးတော့ ဘိုးလူပေရဲ့ စက်တွေကို ပမာမခန့်
ပုံစံနဲ့ လှမ်းရိုက်ချလိုက်တယ်။ ညာဘက်လက်မှာ
နှလုံးကြီးကိုင်ထားပြီး ဘယ်ဘက်လက်က
ဘိုးလူပေရဲ့စက်ကို ကာကွယ်နေတာဗျို့။

ကျုပ်တစ်သက်မှာ နှလုံးကြီး ဆွဲထုတ်ထားတဲ့
လူတစ်ယောက် အသက်ရှင်နေတာ  ဒီတစ်ခါပဲ
တွေ့ဖူးတာပေါ့ဗျာ။ ဘိုးလူပေရဲ့ စက်တွေ
အပိုင်းပိုင်း ပြတ်ထွက်သွားတယ်။

ဘိုးလူပေလည်း မျက်နှာကွက်ကနဲ ပျက်သွားရောဗျို့။

ဟာ…ကိုက်ပြီဗျို့။ ကဝေကြီးက သူ့အစီအရင်ကို
အောင်မြင်အောင် ဆက်လုပ်ပြီပေါ့ဗျာ။ 
သူနှလုံးကြီးကို သူ့ပါးစပ်နဲ့ ကုန်းပြီး
တစ်ကိုက် ကိုက်ပြီး ဝါးနေတယ်။ ဟော မျိုချပြီ။
ဟာ နောက်တစ်ကိုက် ကိုက်ပြန်ပြီဗျို့။

ကိုးကိုက် မပြည့်ခင် ဖျက်နိုင်မှ ဖြစ်မှာဗျ။
ကိုးကိုက်ပြည့်သွားလို့ ဦးဒိဗ္ဗနောက်တစ်ယောက်
ဘွားကနဲ ပေါ်လာလို့ကတော့ ဘိုးလူပေရော
ကျုပ်ရော လက်စတုံးခံရဖို့ပဲ ရှိတာပေါ့ဗျာ။

ဘိုးလူပေက မန္တန်တွေ ရွတ်ပြီဗျို့။
ဟာ ဘိုးလူပေ ကိုယ်ခွဲထွက်လာပြီဗျို့။
တစ်ယောက် ။ ဟာ နောက်တစ်ယောက်။
နောက်တစ်ယောက်။ နောက်တစ်ယောက်။
စုစုပေါင်း ကိုးယောက်ဗျို့။

ကျုပ်နားလည်သွားပြီဗျ။ 'စုန်းကိုး မှော်ကိုး ကဝေကိုး'
အစီအရင်ကြီးကို ဖျက်ဖို့ ဘိုးလူပေ ကိုးယောက်ခွဲလိုက်တာ
ဖြစ်မယ်ဗျ။ ဟော …ဘိုးလူပေ ကိုးကိုယ်စလုံးက
စက်တွေ လွှတ်ပြီဗျို့။ အို…အရောင်ကိုးရောင်ဗျ။

စက်ရောင်ကိုးရောင်။ ဟာ ဦးဒိဗ္ဗကြီး ကိုယ်ကြီးထဲကို
စက်တွေ ဖောက်ဝင်သွားပြီ။ လက်ထဲမှာ ဆုပ်ထားတဲ့
နှလုံးကို စက်တွေနဲ့ ပတ်ထားပြီဗျို့။

ကျုပ် သေသေချာချာ မှတ်ထားတာဗျ။
ဦးဒိဗ္ဗကြီး သူ့နှလုံးကို သူပြန်စားတာ
ငါးကိုက်ရှိသွားပြီ။

စက်တွေပတ်နေတဲ့ နှလုံးကို ဦးဒိဗ္ဗ မကိုက်တော့ဘူးဗျ။
တစ်ကိုယ်လုံးကစက်တွေ ဖြာထွက်လာတယ်

"မောင်တာတေ အင်းပစ်တော့"

ဟာ …ကဝေကြီးရဲ့ နောက်ကျောတည့်တည့်က
ဘိုးလူပေက အော်ပြောတာဗျို့။ ဒီအတိုင်းဆိုရင်
ဘိုးလူပေအစစ်က အဲဒါ ဖြစ်မယ်ဗျ။ ကျန်တာတွေက
ကိုယ်ခွဲတွေထင်တယ်။

ကျုပ်ဆိုတဲ့ကောင်ကလည်း အဆင်သင့်ပါဗျာ။
လက်ထဲမှာ နှလုံးကြီးကိုင်ပြီး စက်တွေ ဖြာထွက်နေတဲ့
ကဝေကြီး ဦးဒိဗ္ဗဆီကို လှစ်ကနဲ ပြေးဝင်ပြီး
ကျုပ်လက်ထဲက ဘိုးလူပေ ပေးထားတဲ့ အင်းနဲ့
ပစ်ချလိုက်တယ်။

"ဝုန်း"

ကျုပ်ဖြင့် လန့်ပြီး နောက်ကို လှန်ချလိုက်ရတယ်။

မီးလုံးကြီး ထတောက်လိုက်တာဗျာ။ နည်းတဲ့
မီးတောက်ကြီးမှ မဟုတ်တာ။အောင်မယ်လေး
ပူတာကလည်း တော်တော်ကို ပူတာဗျို့။

"မောင်တာတေ ဝေးဝေးသွားနေ ဒါ ငရဲမီးတောက်ပေါ့"

ဒီတော့မှ ကျုပ် သတိရသွားတာဗျို့
ဆရာကြီး ဒေါက်တာ မင်းအောင်တို့ ဆရာနွံဖတို့နဲ့
ကဝေလိုက်ခဲ့တုန်းက တွေ့ဖူးတဲ့ ငရဲမီးတောက်ကို
ချက်ချင်းသတိရသွားတော့တာ။

အင်မတန်မှ အကုသိုလ်ကြီးတဲ့ ကဝေကြီးတွေသေရင်
ငရဲမီးတောက်တွေ အလိုလို ထတောက်တာဗျ။
ဒါဆိုရင် 'စုန်းကိုး မှော်ကိုး ကဝေကိုး' အစီအရင်ကြီး
ပျက်သွားပြီပေါ့ ။ ကဝေကြီး ဦးဒိဗ္ဗလည်း သေပြီလေ။

ကဝေကြီးသေလို့သာ ဒီငရဲမီးတောက်ကြီး
ထတောက်တာပေါ့ဗျာ။

ဘိုးလူပေက ငရဲမီးတောက်ကို ကွင်းလျှောက်ရင်း
ကျုပ်ဆီကို ရောက်လာတယ်။ မီးတောက်ကြီးလည်း
တဖြည်းဖြည်းသေးပြီး ငြိမ်းသွားပြီ။

ကဝေကြီးရဲ့ အလောင်းမပြောနဲ့ ပြာတောင်
တစ်မှုန့်မကျန်ခဲ့ဘူးဗျ။ ငရဲမီးတောက်ဆိုတာ
အဲဒီလောက်ကို ပြင်းတာ။ 

နောက်နေ့ ထမင်းစားချိန်မှာ ဘန့်ဘွေးကုန်းကို
ပြန်ရောက်လာတယ်။ ဘိုးလူပေနဲ့ ကျုပ်နဲ့
ထီးဂလိုင်က လှည်းငှားပြီး ပြန်ခဲ့ကြတာလေဗျာ။

ပြီးပါပြီ

မူရင်းရေးသူ ဆရာတာတေ

စာဖတ်သူကို ကူးယူဝေမျှသူ လက်ခ

Credit
#
စာဖတ်သူများ စိတ်ရွှင်လန်းပါစေ
#ပ လက်ခ page မှကူးယူဖော်ပြပါသည်။

Comments

Popular posts from this blog

🌑ညဆိုး🌑

ဘီလူးအော်သံ(တာတေ)

ပုဏ္ဏကတိုက်တဲ့ အိမ်ကြီး