ကျွဲလူးအိုင် သရဲ(စ/ဆုံး)

အောက်ပြည်ကို တာတေ ရောက်တုန်းကဗျ။
ကျုပ်တို့ ထနောင်းကုန်းက ကိုညွန့်မောင်နဲ့
လိုက်သွားတာလေ။

ကိုညွန့်မောင်က တစ်နှစ်ကို တစ်ခါ အောက်ပြည်သွားပြီး
ငါးသလောက်ငပိကောင် ဝယ်တာလေဗျာ။
ရာဇူဒိုင်ငသလောက်ဆိုတာ လွှတ်နာမည်ကြီးတာဗျ။

ရာဇူဒိုင်ဆိုတာ မော်ကျွန်းအထက်ဘက်က မြစ်ကြီးလေဗျာ။
မြစ်ကြီးအကျယ်ကြီးထဲမှာ ငသလောက် ပိုက်ချတဲ့
လှေတွေမှ အများကြီးဗျ။  ကျုပ်က အညာသားဆိုပေမယ့်
ပင်လယ်ဘက်လည်း ရောက်ဖူးတယ်။

ကျုပ်တို့ရွာက ကိုဆိတ်ဖွားနဲ့ ဘိတ်ဘက်လိုက်သွားတဲ့
အကြောင်းကို ကျုပ် ရေးခဲ့တဲ့ 'ပင်လယ်စုန်း'ဝတ္ထုထဲမှာ
ဖတ်ကြည့်ပေါ့ဗျာ။

အခုတော့ ကိုညွန့်မောင် ငါးသလောက်ငပိကောင်
ဝယ်တဲ့ဆီကို ကျုပ် ရောက်လာတာဗျ။
 ရာဇူဒိုင်ရွာမှာပဲ ကျုပ်တို့ တည်းကြတာဗျ။

အောက်ပြည်ဓလေ့က ကျုပ်တို့အညာဓလေ့နဲ့တော့
မတူဘူးပေါ့ဗျာ။ ကျုပ်တို့ဆီမှာက သဲချောင်းတွေပဲ
ရှိတာမို့လား။ဒီမှာကတော့ မြစ်တွေ ချောင်းတွေဆိုတာ
လက်ယှက်ထိုးကို ရှိနေတာဗျ။

ကျုပ်တို့ အညာကတော့ ကုန်းခေါင်ခေါင်တွေဆိုတော့
ဘယ်သွားသွား လှည်းနဲ့ နွားကိုပဲ အားကိုးရတာလေ။
ဒီမှာကတော့ ဘယ်သွားသွား လှေကလေးတွေနဲ့ဗျ။
ဆယ်တောင်လှေ ။ ဆယ်နှစ်တောင်လှေတွေကို
လှော်တက်နဲ့ လှော်ကြ။ ခတ်တက်နဲ့ ခတ်ကြပေါ့ဗျာ။

လှေနံတစ်ဖက်စီမှာ ခတ်တိုင် တစ်တိုင် ရှိတယ်လေဗျာ။
ခတ်တိုင်မှာပါတဲ့ အထစ်ကလေးတွေမှာ ခတ်တက်မှာ
တပ်ထားတဲ့ ခတ်ကွင်းကို စွပ်ပြီး ခတ်ရတာဗျ။
လှေခတ်ကောင်းရင် ရိပ်ကနဲ ရိပ်ကနဲ နေအောင်ကို
သွားတာဗျ။ လှေထဲမှာက လှေကတ်ခင်းထားတာ
ဆိုတော့ ကျကျနန ထိုင်လိုက်လို့ရတာပေါ့ဗျာ။

လှေထဲကို စိမ့်ဝင်တဲ့ ရေကိုတော့ ရေပတ်ကန်ထဲမှာ
ရေပက်ခွက်နဲ့ ခတ်ထုတ်ရတယ်။ ရေပက်ခွက်ဆိုတာ
ဝါးဘိုးခြမ်းကို လုပ်ထားတာဗျ။

လက်ကိုင်ဖို့ အချိုင့်လေးလည်းပါတယ် ။
ဒါပေမဲ့ လှေစပ်ထားတဲ့ ပျဉ်းဆက်တွေကြားမှာ
ပွတ်ညှက်နဲ့ သေသေချာချာ ထေးထားတာဆိုတော့
ရေလုံနေတာဗျ။ လှေထဲကို ရေသိပ်မဝင်ပါဘူး။

လှေက ပဲ့ဘက်ကရော ဦးဘက်ကရော ကော့နေတာဆိုတော့
လှေထဲကို ဝင်လာတဲ့ရေက ရေပတ်ကန်ထဲကိုပဲ ရောက်လာပြီး
စုတော့တာပေါ့ဗျာ။ ကိုညွန့်မောင်နဲ့ ကျုပ်နဲ့ ကိုအုန်းညွန့်
ဆိုတဲ့ ကောင်လေးလိုက်ပို့တာဗျ။ဒီကောင်လေးက
အသက်ဆယ်နှစ်သားလောက်ပဲ ရှိဦးမယ်ဗျ။

လှေလှော်တာ လှေခတ်တာများ ကျွမ်းကျင်လိုက်တာ
မပြောပါနဲ့တော့ဗျာ။ အညာသားဆိုပဲ။ ကျုပ်က ရေကို
ကျွမ်းကျွမ်းကျင်ကျင် ကူးနိုင်တဲ့ကောင်ဗျ။

တာတေ ဆိုတဲ့ကောင်က ငယ်ငယ်ကလေးတည်းက
ယင်းချောင်းထဲမှာ ရေးကူးလိုက် သဲထဲမှာ လိုက်ပြီး
ပုရစ်နှိုက်လိုက် လုပ်နေတဲ့ ကောင်ပဲဗျာ။
ရေကူးတတ်ပါပြီလား။

အုန်းညွန့်က ကျုပ်တို့ကို လှေတစ်စီးနဲ့ ချောင်းကြို
ချောင်းကြားအနှံ့ လိုက်ပို့တာဗျို့။
 ချောင်းကျဉ်းကလေးတွေထဲမှာ  ဘဲခြံတွေက
လွှတ်ပြီးကျောင်းနေတဲ့ ဘဲအုပ်တွေဆိုတာ
အကောင်ရာနဲ့ ချီနေတာဗျို့။

ဘဲကျောင်းသားကလည်းလှေတစ်စီးနဲ့ပဲဗျ။

လှော်တက်နဲ့ ရေကို ဖြန်းကနဲ ရိုက်လိုက်ရင်
သူ့ဘဲအုပ်က သူလိုချင်တဲ့ ဘက်ကို ကူးကြရောဗျို့။

ချောင်းဘေးက လတာပြင်ထဲမှာတော့ ငပျံတွေဆိုတာ
တဖျတ်ဖျတ် ခုန်နေတာဗျို့။ ဂဏန်းနီနီကလေးတွေကလည်း
လတာထဲမှာ ဟိုပြေး ဒီပြေးနဲ့ဗျ။ အဲဒီလတာပြင်ထဲမှာ
ငါးမြွေထိုးချိတ်နေတဲ့ လူတွေလည်း ရှိသဗျ။

ငါးမြွေထိုးချွိတ်ဆိုတာက တံဇဉ်အကျိုးနဲ့ လုပ်ထားတဲ့
သံပြားကောက်ကောက်ကလေးပေါ့ဗျာ။ ဝါးလုံးတစ်လံ
သာသာလောက် ထိပ်မှာ အဲဒီချိတ်ကောက်ကို
တပ်ထားတာဗျို့

ပြီးရင် အဲဒီဝါးလုံးကို လေထဲမှာ လွှဲလွှဲပြီး လတာထဲက
ငါးမြွေထိုးကို ချိတ်ရတာဗျ။

ငါးမြွေထိုးက ကောက်ထားတဲ့ သံချိတ်ကလေးမှာ
ညှပ်ပြီး ပါလာတာပေါ့ဗျ။ သူ့ဓလေ့နဲ့သူဆိုတော့
တော်တော်ကို အဆင်ပြေတာဗျို့။

ချောင်းကမ်းပါးမှာတော့ စက်ကတုံးပင်တွေ။ကိုရံကြီးပင်တွေ။
ဆွမ်းမွှေးပင်တွေ။ ကန်ဇွန်းပင်တွေ။ခရမ်းပြာရောင်
အပွင့်လေးတွေပွင့်တဲ့ ခရာပင်တွေ လမုပင်တွေနဲ့ပေါ့ဗျာ။

ကျုပ်တို့အညာမှာကတော့ နွားသုံးကြတာပေါ့ဗျာ။
အောက်ပြည်မှာက ကျွဲသုံးတာဗျ။မိုးတွေ ရေတွေများတဲ့
ဒေသဆိုတော့ ကျွဲသုံးကြရတာပေါ့ဗျာ။

ကျုပ်ဖြင့် ကျွဲနားကို ကပ်ကို မကပ်ဝံ့တာဗျ။

ချိုကြီးတွေကလည်း ရှည်ရှည်ကွေးကွေးကြီးတွေလေဗျ။
တာတေဆိုတဲ့ ကျုပ်က နွားဆိုရင် လွှတ်ကျွမ်းကျင်တာဗျ။
အဲ…ကျွဲကျတော့ ကျုပ် အနားကိုတောင် မသီရဲဘူးဗျို့။
ကျုပ်တို့အညာမှာ နွားတွေက ရွှံ့လူးတယ်ဆိုတာ
ဘယ်ရှိမှာတုံးဗျာ။ ကျွဲကျတော့ ရွှံ့လူးတယ်ဗျ။

သူတို့ပြောတာတော့ ကျွဲဆိုတာ လူးချပေးရတယ်ဆိုပဲ။
သူတို့တွေဆီမှာ 'ကျွဲလူးအိုင်'တွေ ရှိတယ်ဗျ။
ညွံအိုင်တွေပေါ့ဗျာ။ ကျွဲလေးငါးကောင် ဆင်းပြီး
လူးနိုင်လောက်အောင် ကျယ်တယ်ဗျ။

ကျွဲတွေကို လူးချဖို့ မောင်းသွားပြီး ကျွဲလူးအိုင်
ရောက်ရင် လူးချပေးရတာပေါ့ဗျာ။ ကျွဲကြီးတွေက
ရွှံ့ညွံတွေထဲမှာ တစ်ကိုယ်လုံးစိမ်ပြီး နေကြတာဗျ။
ခေါင်းလေးပဲ ဖော်ထားတာ။ကျွဲတွေ ကျွဲလူးအိုင်ထဲက
တက်လာတော့မှ ချောင်းထဲကို မောင်းချပြီး
 ရေချိုးခိုင်းရတာ။

ချောင်းထဲမှာ ရေစိမ်နေရင်တော့ ရေထဲမှာ တစ်ကိုယ်လုံး
ငုတ်ပြီး စိမ်ကြတာဗျ။ 'ဖူး'ဆိုတဲ့ နှာမှုတ်သံကြီးတွေနဲ့
ရေထဲကနေ ပေါ်ပေါ်လာတဲ့ ကျွဲကြီးတွေကို ကြည့်ရတာ
ကြည့်လို့ကောင်းသားဗျ။ဒါကတော့ အောက်ပြည်ရဲ့
ဓလေ့ပေါ့ဗျာ။ကိုညွန့်မောင်ရဲ့ ငါးသလောက်ငပိကောင်က
ငါးသလောက် ပိုက်ချတဲ့ အိမ်တွေမှာ လိုက်ဝယ်ရတာကိုဗျ။

တစ်နေရာတည်းမှာ များများဝယ်လို့ရတာမှ မဟုတ်တာ။
ရာဇူဒိုင်ကနေ တပ်ချောင်း ကွင်းချောင်းဘက်ကို
သွားဝယ်ပြီး ကျုပ်တို့ ပြန်လာကြတော့ လိုက်ပို့တဲ့
အုန်းညွန့်က ရေဆင်းတံတားလေးဘေးကို
လှေထိုးဆိုက်လိုက်တယ်။

လှေအဆင်း မြင်းအတက် ဆိုပေမယ့်လည်း လှေကနေ
တံတားပေါ်ကို ပြန်တက်တာလည်း မတက်တတ်ရင်
ကိုးရို့ကားရား ဖြစ်တာပဲဗျ။ ခြေထောက်တစ်ဖက်ကို
လှေထဲမှာ ထိန်းထားပြီး တက်ရတာ။

အောက်ပြည်က ရွာတွေဆိုတာက ချောင်းကမ်းဘေးမှာ
တန်းပြီး တည်ကြတာ။ အိမ်တွေ ခြံတွေ ဥယျာဉ်တွေကလည်း
ချောင်းကမ်းဘေးမှာပဲ တန်းပြီး ရှိနေတာဗျ။

အိမ်တိုင်းအိမ်တိုင်းမှာ ချောင်းထဲကို ဆင်းတဲ့
 ရေဆင်းတံတားလေးတွေနဲ့ဗျ။အဲဒီ တံတားလေးတွေမှာ
လှေတစ်စင်းလောက်တော့ အမြဲချည်ထားကြတာ။

ကျုပ်တို့တည်းတဲ့အိမ်က ရာဇူဒိုင် သူကြီးဦးဖိုးဆင်ရဲ့အိမ်ဗျ။
ကျုပ်တို့ကို လိုက်ပို့တဲ့ အုန်းညွန့်က သူကြီးဦးဖိုးဆင်ရဲ့
စာရင်းငှား ကိုကွန့်ရဲ့သားဗျ။ ကျုပ်တို့ သူကြီးအိမ်ကို
တက်လာတော့ သူကြီးအိမ်ပေါ်မှာ လူတွေ
ရောက်နေကြတယ်ဗျ။

ရွာထဲက ရွာသားတွေ ဘာများ အမှုအခင်းဖြစ်လို့တုံးလို့
ကျုပ်က နားစွင့်ရင်း အိမ်ပေါ်ကို တက်လာတာဗျို့
သူကြီးရဲ့အိမ်က တစ်ထပ်အိမ်ဗျ။
ဒါပေမဲ့ အတော်လေးတော့ ကျယ်ပါတယ်။

"ဟော ကျုပ်ဧည့်သည်တွေတောင် ပြန်လာပြီဗျ"

သူကြီးက ပြောလိုက်တော့ ထိုင်နေတဲ့ လူတွေက
ကျုပ်တို့ကို လှည့်ကြည့်တယ်။အားလုံးခြောက်ယောက်ဗျ။

"ဒါ ထနောင်းကုန်းက ကျုပ်ညီ ဘိုးသင်ရဲ့သား ညွန့်မောင်တဲ့ဗျ။
ဟိုသူငယ်က ညွန့်မောင်နဲ့ ပါလာတာလေ။မောင်တာတေတဲ့ဗျ။
သူတို့အရပ်မှာ ပြန်ရောင်းဖို့ ငါးသလောက် ဆားနယ်
လာဝယ်တာလေဗျာ။ အဲဒါ ခင်ဗျားတို့လည်း သတင်းနည်းနည်း
ဖြန့်လိုက်ပါဦးဗျာ။ငါးသလောက်ငပိကောင် ရောင်းဖို့
ရှိတယ်။ ဒီကဝယ်တယ်လို့ ။ စျေးကတော့ ပေါက်စျေးပေါ့ဗျာ။
ကဲ ညွန့်မောင်ရော မောင်တာတေရော ထိုင်ကြ ထိုင်ကြ"

ကျုပ်တို့လည်း သူကြီးနဲ့ မလှမ်းမကမ်းမှာ
ဝင်ထိုင်လိုက်ကြတာပေါ့ဗျာ။

"အေး ငရွှေရေ မင်း စောစောက စကားကို
ဆက်စမ်းပါဦးကွ"

သူကြီးက ကိုရွှေ ဆိုတဲ့လူကို ပြောတယ်
အသားညိုညို ခပ်ထွားထွားနဲ့ ကိုရွှေဆိုတဲ့လူက
ကျုပ်တို့အိမ်ပေါ်ကို တက်လာလို့ ပြတ်သွားတဲ့
စကားစကို့ပြန်ဆက်တယ်ဗျ။


"ဒီလို သူကြီးရေ …ကျုပ်လယ်ထဲက ကျွဲလူးအိုင်ကို
သူကြီး သိတယ်မို့လား"

"ကျွဲလူးအိုင်။ ဟ ငရွှေရဲ့။ မင်းလယ်ထဲမှာက
ကျွဲလူးအိုင်က နှစ်အိုင်တောင် ရှိတာမို့လား။
ဘယ်အိုင်ကို ပြောတာတုံး"

"ဟိုအိုင် သူကြီးရာ ။ ကနစိုပင်ကြီးရှိတဲ့ အိုင်လေဗျာ"

"အေး …ဒါဆို သိပြီ ။ လမုတောကြီးရှိတဲ့ အိုင်ပေါ့"

"ဟုတ်တယ် ဟုတ်တယ် "

"အေး …အဲဒါ ဘာဖြစ်တုံး"

"လွန်ခဲ့တဲ့ သုံးလေးရက်က ကျုပ်တို့ ကျွဲတွေ လူးချပြီး
ပြန်တက်လာတော့ ကျွဲတစ်ကောင်အပေါ်မှာ
ပုဆိုးအကွက်ကြီး ဝတ်ထားတဲ့ အင်္ကျီကိုယ်တုံးလုံးနဲ့
လူကြီးတစ်ယောက် စီးပြီး ပါလာတယ်တဲ့ဗျ။
အရွယ်ကတော့ ရိုးရိုးလူအရွယ်ပဲတဲ့ သူကြီးရဲ့။
ဆံပင်စုတ်ဖွားကြီးနဲ့ မျက်လုံးကြီးတွေက
နီနီရဲရဲကြီးတွေဆိုပဲ"

"ဟင် ဘယ်သူက တွေ့တာတုံး"

"ကျုပ်သား ငဆယ် တွေ့တာဗျ သူကြီးရဲ့"

"ဟင် ဟုတ်လား ငဆယ်က ဘာလုပ်လိုက်တုံး"

"ဟာ သူကြီးရာ ဒီကောင်တွေက တော်ရုံတန်ရုံ
ကြောက်တတ်တဲ့ အကောင်တွေမှ မဟုတ်တာ။
လက်ထဲက လေးခွနဲ့ လှမ်းပစ်လိုက်တယ်တဲ့ဗျ။
အဲဒီလူက ကျွဲပေါ်ကနေ နောက်ကျွမ်းပစ်ချပြီး
ပျောက်သွားရောတဲ့ဗျို့။ ဒီတော့မှ သရဲမှန်း သိပြီး
ကျွဲတွေကို ခပ်သုတ်သုတ်မောင်းပြီး ချောင်းထဲမှာ
ရေသွားချတယ်တဲ့ဗျ"

သူကြီးဦးဖိုးဆင်က ခေါင်းကို နှစ်ချက်လောက်
ညိတ်လိုက်ပြီးတော့မှ ပြောတယ်ဗျ။

"ငရွှေရာ ဒါမျိုးတွေက အဆန်းမှ မဟုတ်တာကွာ။
နာနာဘာဝ ဝိနာဘာဝ ဆိုတာတွေဟာ ရှိကြတာပေါ့ကွာ။
သူတို့လည်း သူတို့ဘာသာ နေကြတာပါ။ တစ်ခါတလေ
အကြောင်းတိုက်ဆိုင်တဲ့အခါ မြင်ရတာပေါ့"

"တိုက်ဆိုင်တာ မဟုတ်ဘူး သူကြီးရဲ့။တမင်ပြတာ။
အဲဒီညပဲ ကျုပ်သား ငဆယ် ဖျားလိုက်တာ
 မပြောပါနဲ့တော့ဗျာ။သန်းခေါင်လောက်ကျတော့
ကယောင်ကတမ်းတွေပြောရောဗျ။ ပထမတော့
ကျုပ်က ကယောင်ကတမ်းတွေပြောတယ် ထင်တာ။
နောက်တော့မှ ဒီကောင်ကကြမ်းပြင်ကို လက်ဝါးနဲ့
 ဗြန်းကနဲ ရိုက်ရိုက်ပြီး ပြောတာဗျ"

"ဟေ မင်းသား ငဆယ်က ပြောတာလား"

"ဘယ်က ဟုတ်ရမှာတုံး သူကြီးရာ။ ကျုပ်သားကို
သူမြင်ခဲ့တဲ့ သရဲက ဝင်ပူးပြီး ပြောတာဗျ"

"ဟေ …ဘာပြောတာတုံး ငရွှေရဲ့"

'ငါက ကျွဲလူးအိုင်က သရဲကွ။
ငါ့ကို အမဲသားတစ်ပိဿချက်နဲ့
ထမင်းဝအောင်ကျွေး ။ မကျွေးရင်
 နင့်သားကို ငါသတ်ပစ်မယ်တဲ့ဗျ"

"ဟေ ဟုတ်လား ဒါနဲ့ မင်းက"

" ဟာ ကျွေးရတာပေါ့ဗျာ မြို့သွား အမဲသားဝယ်။
သေသေချာချာ ချက်ပြီး ဆန်ကောထဲမှာ
 ငှက်ပျောဖက်ခင်း။ထမင်းတွေ ဟင်းတွေ
ပုံပြီး ကျွဲလူးအိုင်က ကနစိုပင်ကြီးအောက်မှာ
သွားကျွေးလိုက်တာ။ ငဆယ်လည်း ဖျားတာ
ချက်ချင်းယူပစ်သလိုကို ပျောက်သွားတာဗျို့"

"အင်း…ငတ်ရှာလွန်းလို့ ထင်ပါတယ်ကွာ။
တစ်ခါတလေ စားချင်သောက်ချင်လို့ နေမှာပါကွာ"

"ဟာ တစ်ခါတလေ မဟုတ်ဘူးဗျ သူကြီးရဲ့။
ကျုပ်သား မြင်ပြီး နောက်တစ်နေ့မှာ ဟိုဘက်က
ရေခန်းချောင်းမှာရှိတဲ့ ကိုသုန်ရဲ့သား ငအေးလည်း
ဖြစ်တယ်ဗျ။ ငအေးက ကျွဲလူးအိုင်က လမုတောထဲမှာ
ခြောက်တောင်ဗျိုင်းကို လေးဂွနဲ့ ပစ်လိုက်တာ
ဗျိုင်းကျသွားလို့ သွားကောက်တာတဲ့ဗျို့။

လမုပင်တွေနားရောက်တော့ အဲဒီအကောင်ပဲဗျ။
ပုဆိုးကွက်တုံးကြီးနဲ့တဲ့ အင်္ကျီမပါဘူးတဲ့။
မျက်လုံးနီနီကြီးတွေနဲ့တဲ့။ ဆံပင်က အရှည်ကြီးတဲ့ဗျ။
ငအေး ပစ်လိုက်တဲ့ ဗျိုင်းကို ပါးစပ်ကြီးနဲ့
ကိုက်ထားတာတဲ့ဗျာ။

ငအေးဆိုတဲ့ကောင် ငယ်သံပါအောင် အော်ပြီးပြေးတော့တာ။
အိမ်ရောက်တော့ သတိလစ်နေလို့ မနည်းကို နှာနှပ်ယူရတာတဲ့
သူကြီးရေ"

"ဟေ ဒီလောက်တောင် ဖြစ်နေတာလားဟ"

"နေဦးဗျ သူကြီးရ ကျုပ်ပြောပြရဦးမယ် အဲဒီကောင်လေးလည်း
အဲဒီည ဖျားတာတဲ့ဗျာ ။ ဖျားရင်းနဲ့ ကျွဲလူးအိုင်သရဲ
ဝင်ပူးပြီး ကြက်တစ်ကောင်ချက်နဲ့ ထမင်းကျွေးရမယ်ဆိုလို့
ကျုပ်လုပ်သလိုပဲ သွားလုပ်လိုက်မှ ပျောက်သွားတာတဲ့ဗျ"

"ဟာ ငရွှေရေ တော်တော်ဆိုးနေတာပဲကွ။
မင်းပြောပေလို့ပဲကွာ ။ ငါ ဒါတွေ ဘာမှကြားတာ မဟုတ်ဘူး"

"ဟုတ်တယ် သူကြီးရဲ့ ။ ပထမတစ်ခါ ကျုပ်သား
ငဆယ်ဖြစ်တုန်းက ကျုပ်လည်း ဇဝေဇဝါ ဖြစ်နေတာဗျ။
ဟုတ်မှဟုတ်ရဲ့လားပေါ့ဗျာ။ပြီးတော့ သူကြီး ပြောသလိုပေါ့။
တစ်ခါတလေ ဖြစ်တာနေမှာပါလို့ တွေးလိုက်မိကိုးဗျ။
ဒါပေမဲ့ ကိုသုန်သား ငအေး ထပ်ဖြစ်တော့ ကျုပ်
နည်းနည်းစိုးရိမ်လာတာနဲ့ သူကြီးကိုတော့
ပြောမှပဲဆိုပြီး လာပြောတာဗျ"

"အေး ငါ ဆရာတော်ကို သွားပြီ တိုင်ပင်ကြည့်ဦးမယ်ကွာ"

သူကြီးက ဆရာတော်ကို အားကိုးပုံရတယ်ဗျ။
ဒါပေမဲ့ ဒီစကားကို လာပြောတဲ့ ရွာသားတွေကတော့
သိပ်ပြီး ကြိုက်ပုံမရဘူးဗျ။

"သူကြီးရာ ဒီကိစ္စက ဆရာတော်နဲ့ သိပ်မဆိုင်ပါဘူးဗျာ။
ဆရာကောင်းကောင်းရှာပြီး နှင်ထုတ်လိုက်ရင်
ပိုကောင်းမယ်ဗျ"

"အေးလေ ပိုကောင်းတာတော့ ဟုတ်တာပေါ့ကွ
ငရွှေရ။ ဆရာက ဘယ်သွားရှာရမှာတုံး ။မင်းမှာရော
ဆရာအဆက်တွေ ဘာတွေ ရှိလို့လား"

"ဆရာအဆက်တော့ မရှိဘူးပေါ့ဗျာ ဒီလိုပဲ စုံစမ်းရမှာပေါ့ဗျာ"

"နေဦး ကိုရွှေကြီးရ။ ခင်ဗျား ဆရာ ရှာနေတုန်း
ဒီသရဲက ငြိမ်နေပါ့မလား"

"ဟာ မငြိမ်လည်း ဒီလိုပဲ ကျွေးမွေးထားရမှာပေါ့
ကံမြင့်ရာ။ ဆရာ ရှာလို့ရတော့မှ ဒင်းကို
 တွယ်ထုတ်ပစ်ရမှာပေါ့"

ကိုကံမြင့် ထောက်ပြတာကို သူကြီးလည်း
စဉ်းစားနေပုံပဲဗျာ။ခေါင်းလေး တညိတ်ညိတ်လုပ်ပြီး
တွေးနေတယ်။ ကိုရွှေလည်း ကိုကံမြင့် ဆိုတဲ့လူကို
ပြောသာ ပြောလိုက်တာဗျ။သူလည်း ဘာလုပ်ရင်
ကောင်းမလဲဆိုပြီး စဉ်းစားနေပုံပဲဗျ။

"သူကြီး ။ သူကြီး  ။ သူကြီး ရှိလားဗျ"

"ဟေ ရှိတယ်ဟေ့ ရှိတယ် ။ဘယ်သူတုံးဟ။
ပျာတိပျာယာနဲ့ ဘာများအရေးကြီးနေလို့တုံး။
အိမ်ထဲဝင်ခဲ့လေ"

ပြောသာ ပြောတာဗျ။ အချိန်က မှောင်ရိပ်သမ်းနေပြီ။
ကျုပ်တို့ တပ်ချောင်းဘက်က ပြန်ရောက်ကတည်းက
ညနေ တော်တော်စောင်းနေပြီ။ သူကြီးနဲ့ ရွာသားတွေ
ကျွဲလူးအိုင်သရဲ အကြောင်း ပြောနေတာ တော်တော်
ကြာနေပြီပဲ။မှောင်စပြုပြီပေါ့ဗျာ။

"ဟင် စောဖေပါလား ။ရေးကြီးသုတ်ပျာနဲ့
 ဘာဖြစ်လာတာတုံးကွ"

ပုဆိုးတစ်ထည် ခေါင်းပေါင်းပြီး ဝင်လာတဲ့ စောဖေ
ဆိုတဲ့လူက အသက်လေးဆယ်လောက် ရှိပြီဗျာ။
သူကြီးရှေ့မှာ ခပ်သုတ်သုတ် ဝင်ထိုင်လိုက်တယ်။

"သူကြီး ချောင်းကူးတံတားနားက  ဒေါ်မဲစိန်ကြီး
ဆုံးသွားလို့ဗျ"

"ဟေ မမဲစိန် ဆုံးသွားပြီ ဟုတ်လား ။ ဘာဖြစ်တယ်မှလည်း
မကြားပါလား ။ မနေ့ကတောင် ငါနဲ့ ဆရာတော့်ကျောင်းမှာ
တွေ့သေးတာပဲ စောဖေရဲ့ ။ဘာဖြစ်လို့တုံးကွ။
ဗြုန်းစားကြီးပါလား"

ကိုရွှေတို့ ကိုကံမြင့်တို့တွေလည်း အံ့သြပြီး တစ်ယောက်
တစ်ပေါက်တွေ ပြောနေကြတာ သူကြီးအိမ်မှာ
ဆူဆူ ဆူဆူ ဖြစ်လို့ဗျာ။

"ဗြုန်းစားကြီးဆုံးတော့ သူကြီးရဲ့။ ညနေကတင်
ကျွဲတွေ သွားလိုက်ဦးမယ်ဆိုပြီး ထွက်သွားတာတဲ့
ကျွဲလူးအိုင်နားရောက်တော့ သူ့ကျွဲတွေ တွေ့သတဲ့ဗျ။

ဒါပေမဲ့ သူ့ကျွဲပေါ်မှာ ပုဆိုးကွက်တုံးကြီးနဲ့ လူတစ်ယောက်ကို
တွေ့တယ်တဲ့ဗျ။ အင်္ကျီမပါဘူးတဲ့။ဆံပင်ဖားလျားကြီးနဲ့
မျက်လုံးနီနီကြီးတွေနဲ့တဲ့ဗျ။ သူ့ကျွဲတစ်ကောင်ကို
စီးထားတာတဲ့ဗျို့။ ဒါနဲ့ မမဲစိန်က ဟဲ့ အဲဒါ ငါ့ကျွဲလို့လည်း
ပြောလိုက်ရော ကျွဲတွေက သူ့ကို လိုက်ခတ်တော့တာပဲတဲ့ဗျာ။

ဒီမှာတင် မမဲစိန်လည်း အိမ်အရောက် အသက်လုပြီး
ပြေးရတာတဲ့ဗျာ။ ရွာထဲဝင်ကာနီးတော့ နောက်တစ်ချက်
လှည့်ကြည့်သေးတယ်တဲ့ဗျ။ ကျွဲပေါ်မှာ အဲဒီအကောင်
ပါလာတာပဲတဲ့ဗ်။

ဒါနဲ့ သူ့အိမ်အရောက်ပြေးပြီး အိမ်ပေါ်အတက်မှာ
သတိလစ်ပြီး ဝုန်းကနဲ ထိုးလဲတော့တာပဲတဲ့ဗျ။
သူ့သားတွေက အမေ ဘာဖြစ်လို့တုံးဆိုပြီး
မနည်းကို သတိရအောင် လုပ်ယူကြရသတဲ့"

"သတိကော ပြန်ရသေးသလား"

သူကြီးက ဝင်မေးတာဗျ။ ဒီတော့ လာပြောတဲ့ ကိုစောဖေက
သူ့ခေါင်းမှာ ပေါင်းလာတဲ့ ပုဆိုးခေါင်းပေါင်းကို
ဆွဲဖြုတ်လိုက်ပြီး…

"ရတယ် သူကြီး ။ သတိပြန်ရတယ်။ သတိရပြန်ရပြီး
ဒီအကြောင်းတွေ ပြောသေးတယ်။ အဲဒါတွေဇ ပြောပြီးမှ
ဆက်ကနဲ တွန့်သွားပြီး မျက်ဖြူကြီး လန်သွားတာတဲ့ဗျ။
'အား'ဆိုအသံနက်ကြီးနဲ့ တစ်ချက်အော်ပြီး ငြိမ်သွားတာ။
အသက်မရှိတော့ဘူးတဲ့ဗျာ။




"ဟာ ဖြစ်မှဖြစ်ရလေဗျာ။ နေပါဦး။သူတို့ကျွဲတွေကရော
ဘယ်ရောက်ကုန်တုံး ကိုစောဖေရဲ့"

ကိုရွှေက မေးသဗျ။

"ကျွဲတွေကတော့ တင်းကုပ်ထဲမှာ ပြန်ရောက်နေတာတဲ့ဗျို့
ဘာမှမဖြစ်သလိုပဲတဲ့ဗျ"

"ဟာ ဖြစ်မှဖြစ်ရလေဗျာ မမဲစိန်က ကျုပ်ထက် နှစ်နှစ်ပဲ
ကြီးတာဗျ"

"မဲစိန်က မင်းထက် နှစ်နှစ်ကြီးတာပေါ့ကွ မောင်ရွှေရ။
ငါနဲ့က မီးဝင်မီးထွက်တဲ့ အမေတို့ပြောတာ"

ကိုကံမြင့်ကြီးကလည်း စိတ်မကောင်းတဲ့ပုံစံနဲ့
ဝင်ပြောတယ်။

"သူကြီးရေ ကျွဲလူးအိုင်က သရဲကတော့ အချိန်ဆွဲလို့
မဖြစ်တော့ဘူး သူကြီးရေ။ ကဲ ကျုပ်တို့လည်း
အသုဘအိမ် တန်းသွားကြမှပဲဗျာ"

"အေး…သွားကြရမှာပေါ့ကွာ ငါလည်း လိုက်မှာပေါ့"

"ဘကြီးသွားရင် ကျုပ်တို့လည်း လိုက်မယ်ဗျာ
ပြီးတော့ ဘကြီးကို ပြောရဦးမယ် ဟောဒီ မောင်တာတေက
ဘကြီးတို့ အခုဖြစ်နေတဲ့ ကိစ္စမျိုးတွေကို နားလည်ပါတယ်ဗျ။
သူ့မှာ အတွေ့အကြုံတွေ အများကြီးရှိတယ် ဆရာသမားတွေ
နောက်ကိုလည်း ကောင်းကောင်းလိုက်ဖူးတယ်"

"ဟေ ဟုတ်လား မောင်တာတေ။
အဆင်သင့်လိုက်တာကွယ်။
အောက်ပြည်အောက်ရွာရောက်တုန်း။
ကျုပ်တို့ကို တစ်ဆိတ်ကူညီခဲ့ပါ
မောင်တာတေရယ်"

"ကျုပ်လည်း ဘကြီးတို့ ပြောဆိုနေတာတွေကို
နားထောင်နေပါတယ် ကျုပ်တစ်ခုမေးချင်တာက
အရင်တုန်းက ဒီကျွဲလူးအိုင်မှာ ဒါမျိုးဖြစ်ခဲ့ဖူးသလားဗျ"

" ဟာ တစ်ခါမှ မဖြစ်ဖူးပါဘူး မောင်တာတေရယ်"

ကိုရွှေက ပျာပျာသလဲ ဝင်ပြောတာဗျ။

"အင်း…ဒါဆိုရင် တခြားက လွင့်လာတဲ့အကောင်ဗျ။
ဒီသရဲကြည့်ရတာ တော်တော်ဆိုးတဲ့ပုံဗျ။
ကျုပ် အခြေအနေ ကြည့်ပြီး လုပ်သင့်တာ
လုပ်ပေးပါ့မယ်"

"ဟာ ကျေးဇူးတင်းပါတယ်ကွာ ။ တော်သေးတာပေါ့
ငရွှေရာ ။ ဆရာ မရှာရဘဲ ဆရာက အိမ်ပေါ်မှာ
အဆင်သင့် ရောက်နေပေလို့ကွာ"

"ဟာ ဘကြီး ။ ကျုပ်က ဆရာ မဟုတ်ပါဘူးဗျ။
ဒီကိစ္စတွေ ဗဟုသုတ ရှိတာပါဗျာ"

"ဆရာ ဟုတ်ဟုတ် မဟုတ်ပါ မောင်တာတေရယ်
ကျုပ်တို့က မောင်တာတေကို အားကိုးကြတာပါကွာ"

စကားလက်စသတ်တော့ အသုဘအိမ်ကို ကျုပ်တို့
လာခဲ့ကြတယ်။ ရာသီက ဆောင်းရာသီဗျ။
ဒါပေမဲ့ အောက်ပြည်က ဆောင်းတွင်းက ကျုပ်တို့
အညာသားတွေအတွက်တော့ နေလို့ ကောင်းရုံလေးပဲဗျ။

လုံးဝကို မချမ်းတာ။ သူကြီးအိမ်က လူစုထွက်လာတော့
မိုးချုပ်စပေါ့ဗျာ။ သူကြီးက ငါးတောင့်ထိုးဓါတ်မီးကြီး
တဝင်းဝင်းနဲ့  ထိုးသွားနေတာဗျ။

အိမ်တွေမှာတော့ ရေနံဆီမှန်အိမ်လေးတွေ ထွန်းလို့ပေါ့ဗျာ။
အိမ်တွေရှေ့က ဖြတ်သွားတိုင်း လူတွေစုပြီး ကျွဲလူးအိုင်
သရဲအကြောင်းကို ပြောနေကြတာဗျ။ ဒီသတင်းက
တစ်ရွာလုံးကို ပျံ့နေတဲ့ ပုံပဲဗျ။ လူတွေအကုန်လုံးလည်း
ကြောက်နေကြတဲ့ပုံပဲဗျို့။ လူဆိုတာ သရဲ တစ္ဆေ
ကြောက်တတ်တဲ့ အမျိုးပဲဗျာ။ကြောက်တာပေါ့။

"အိ အီ အီ အီ"

ဟာ ခွေးတွေ ကြောက်နေပြီဗျို့။ 'တအီအီ'နဲ့ အိမ်အောက်တွေ
တိုးဝင်နေကြလေရဲ့ဗျာ။ ဒါမျိုးတွေ ကျုပ် ကြုံဖူးပေါင်း
များပြီလေဗျာ။ ရွာထဲကို ကြောက်စရာကောင်းတဲ့
မကောင်းဆိုးဝါးတစ်ကောင် ရောက်နေတာ
 သေချာနေပြီပေါ့ဗျာ။

ကျုပ်က ဆရာတော့ မဟုတ်ဘူးပေါ့ဗျာ။
ဒါပေမဲ့ ပြောရရင်တော့ ဆရာတစ်ပိုင်းလိုတော့
ဖြစ်နေတာပေါ့လေ။ ကျုပ် သွားလေရာကို ကျုပ်ရဲ့
ဆေးလွယ်အိတ်ကို ယူလာနေကျဗျ။

အခုလည်း သူကြီးတို့လူစုနဲ့ အသုဘအိမ် လိုက်မလာခင်မှာ
ကျုပ်ရဲ့ဟန်းဘက်အိတ်ကြီးထဲမှာ ထည့်လာတဲ့
 ဆေးလွယ်အိတ်ကို ကျုပ်ယူပြီး စလွယ်သိုင်း လွယ်ခဲ့တာဗျ။

ကျုပ်တို့ အသုဘအိမ်ရောက်တော့ အသုဘက
ပြင်တောင်ထားပြီဗျ။ အောက်ပြည်အောက်ရွာရဲ့
ထုံးစံအတိုင်းပေါ့ဗျာ။ ဝါးခြမ်းတွေကို ကပ်စီးပြီး
အလောင်းစင် လုပ်ထားတာပေါ့။ ညနေကမှ
ကျွဲလူးအိုင်သရဲလိုက်လို့ ရုတ်တရက် သေသွားတဲ့
ဒေါ် မဲစိန်ရဲ့အလောင်းက ဝါးကပ်ပေါ်မှာ
ဆန့်ဆန့်ကြီးပေါ့ဗျာ။

ထုံးစံအတိုင်း အလောင်းကို ထဘီအသစ် အင်္ကျီအသစ်တွေ
လွှမ်းထားတယ်ဗျ။ ရွာသားတွေလည်း ဟိုက ရောက်လာ။
ဒီက ရောက်လာနဲ့ စုစု စုစု လုပ်နေကြတာပေါ့ဗျာ။

အသုဘအိမ်မှာပြောတဲ့ အကြောင်းအရာကလည်း
တစ်ခုတည်းဗျ။ အဲဒါကတော့ ပုဆိုးကွက်တုံးကြီး
ဝတ်ထားတဲ့ ကျွဲလူးအိုင်သရဲ။ ကိုရွှေ့သား ငဆယ်။
ကိုသုန့်သား ငအေးနဲ့ သရဲစီးတဲ့ ကျွဲအလိုက်ခံရတဲ့
ဒေါ်မဲစိန်ရဲ့ အသေဆိုး။ ပြီးတော့ ကနစိုပင်ကြီးရှိတဲ့
ကျွဲလူးအိုင်ဘက်ကို မသွားကြဖို့။ ကျွဲတွေကိုလည်း
အဲဒီဘက် မလွှတ်ဖို့ပေါ့ဗျာ။

ဒေါ် မဲစိန်တို့ အိမ်ရှေ့မှာ ကနဖျင်းတစ်ခုကိုလည်း
ညတွင်းချင်း ထိုးနေကြလေရဲ့ဗျို့။ ဟိုကတစ်လုံး
ဒီကတစ်လုံးနဲ့ ယူလာတဲ့ အောက်လင်းဓါတ်မီးကြီးတွေ
လေးလုံး ထွန်းထားတာနဲ့တင် မီးတွေ
လင်းထိန်နေတာပါဗျာ။

အလောင်းကတော့ အိမ်ပေါ်မှာ ရှိသေးတာဗျ။
အိမ်ရှေ့က ဘုရားခန်းလိုနေရာမှာ ကျုပ်တို့တွေ
စုပြီး ထိုင်နေကြတာပေါ့ဗျာ။ အိမ်နောက်ဖေး
မီးဖိုချောင်မှာတော့ အသုဘလာတဲ့လူတွေကို
ကျွေးဖို့ မွေးဖို့ ကြက်သားဟင်း ချက်နေပုံပဲဗျ။

ဟင်းနံ့က အိမ်ရှေ့အထိ ထွက်လာတယ်။
ငံပြာချက်နံ့လည်းရတယ်။

ကျုပ်ထိုင်နေတာက အိမ်ရှေ့ကို ကျောပေးထားတာဗျ။
ဒီတော့ ကျုပ်မျက်စိတွေက ဒေါ် မဲစိန်ရဲ့ အလောင်းကြီးကို
မြင်နေရပေါ့ဗျာ။

"ဟာ"

ကျုပ်စိတ်ထဲမှာ 'ဟာ'ကနဲကို ရေရွတ်လိုက်တာဗျ။
ကျုပ်မြင်နေရတဲ့ ဒေါ် မဲစိန်ရဲ့ အလောင်းကြီးကတော့
ဓလေ့အတိုင်းပေါ့ဗျာ။ ခြေထိပ် လက်ထိပ်
ခတ်ထားတာပေါ့လေ။

ခြေမနှစ်ချောင်းကိုပူးပြီး အပ်ချည်ကြိုးနဲ့
အထပ်ထပ်ချည်တုတ် ထားတာလေဗျာ။

ဒီလိုပဲ လက်နှစ်ဖက်ကို ရင်ဘတ်ပေါ်မှာယှက်ပြီး
လက်မနှစ်ဖက်ကို အပ်ချည်ကြိုးနဲ့
ခိုင်ခိုင်ချည်တုတ်ထားတာပေါ့ဗျာ။
တကယ်တော့ အလောင်းတောင်းလာတဲ့အခါ
ကိုးရိုးကားကြီး မဖြစ်အောင် လုပ်တာဗျ။

ကျုပ် 'ဟာ'ကနဲ ဖြစ်သွားတာက ဒေါ်မဲစိန်ကို ချည်ထားတဲ့
ခြေထိပ်ကြိုးတွေ ပြတ်ထွက်သွားလို့ဗျ။

"ဟော"

လက်ကို ချည်ထားတဲ့ လက်ထိပ်ကြိုးတွေလည်း
ပြတ်ထွက်သွားပြီဗျို့။

"ဟား ဟား  ဟား  ဟား "

ကျုပ် ကြည့်နေတုန်းမှာပဲ ဆံပင်ဖားလျားနဲ့ ဒေါ် မဲစိန်ရဲ့
အလောင်းကြီးက ဝုန်းကနဲ ထထိုင်ပြီး တဟားဟားနဲ့
အော်ရယ်တော့တာပဲဗျာ။

"ဟာ အလောင်းကြီး ထလာပြီဟေ့။ ပြေးကြ ပြေးကြ"

"ဟာ အလောင်းကြီး ။ အလောင်းကြီး"

အသံမျိုးစုံနဲ့ အော်ပြီး အိမ်ပေါ်က လူတွေ
 ဆင်းပြေးကြတော့တာပေါ့ဗျာ

"ဟား ဟား ဟား ဟား"

အိမ်ပေါ်မှာ ကျုပ်ရယ် ကိုညွန့်ရယ် ကိုရွှေရယ်
ကိုကံမြင့်ရယ်ပဲ ကျန်တော့တယ်ဗျို့။ တစ်အိမ်လုံး
ဝရုန်းသုန်းကားကို ဆင်းပြေးကုန်ကြတာဗျာ။
အရပ်ပျက်သလားတောင် ထင်ရတယ်။

ရွာထဲက လူတွေကလည်း ပြေးလာပြီး ကြည့်ကြတယ်
ထင်တယ်ဗျို့။အိမ်ရှေ့မှာ လူကို ဖွေးနေတော့တာဗျာ။
ဒါပေမဲ့ အိမ်ပေါ် ကိုတော့ ဘယ်သူမှ မတက်ကြဘူးဗျ။
တချို့ကလည်း ဒေါ် မဲစိန် မသေသေးဘူးလို့ ပြောကြတာ
ကျုပ် ကြားရတယ်ဗျ။

"ငါ့ကို ကျွေးကြ။ ငါ ဆာတယ် ဟား  ဟား ဟား "

ဆံပင်ဖားလျားကြီး ချထားတဲ့ ဒေါ် မဲစိန်ရဲ့ အလောင်းကြီးက
မျက်စိကြီး စုံမှိတ်ပြီး အော်နေတာဗျ။ လက်စသတ်တော့
ဒီသရဲက ဒေါ်မဲစိန်နောက်ကနေ ကပ်လိုက်လာပြီး
ဒေါ်မဲစိန် အသက်ထွက်သွားကတည်းက ဒေါ်မဲစိန်ရဲ့
ကိုယ်ထဲကို ဝင်နေလိုက်ပုံပဲဗျ။ဒါဟာ ဖုတ်ကောင်အစစ်ပဲဗျ။

"ကိုရွှေတို့ ကိုကံမြင့်တို့ အခုနေ နတ်ဝင်သည်
တစ်ယောက်လောက် အမြန်ရှာလို့ ရမလားဗျ"

ကျုပ်က ရုတ်တရက် မေးလိုက်တော့ ကိုရွှေက
ချက်ချင်းပြန်ပြောတာဗျ။

"ဟာ မောင်တာတေကလည်း အခုဆုံးသွားတဲ့
မမဲစိန်က နတ်ဝင်သည်လေကွာ"

"ဟာ ငရွှေ မဲစိန်က သေသွားပြီပဲကွ။ ဘယ်လိုလုပ်
ခေါ်မှာတုံး ။ မောင်တာတေ ပြောတာက ရွာထဲက
နတ်ဝင်သည် တစ်ယောက်ကို ပြောတာ"

"သြော် ငါကလည်း အယောင်ယောင် အမှားမှားတွေ
ပြောလိုက်တာ ထင်ပါရဲ့ကွာ ။ အေး ရှိတယ်။ ရှိတယ်။
ဟောဒီ ကံမြင့်မိန်းမက ဒီရွာမှာ မမဲစိန်နဲ့ အပြိုင်
ဟောနိုင်တဲ့ နတ်ဝင်သည်ပဲကွ"

"ဟာ နေရာကျသဗျာ။ကဲ ကိုကံမြင့် ခင်ဗျားမိန်းမကို
မြန်မြန်ပြန်ခေါ်ပေတော့ဗျာ။ဒီလိုမလုပ်ရင် ဒီသရဲက
ခင်ဗျားတို့ရွာကို ဆက်ပြီး ဒုက္ခပေးတော့မှဗျ"

"နို့ မောင်တာတေရဲ့ အခုထထိုင်နေတာ မဲစိန်ကြီး
မဟုတ်ဘူးလားကွ"

"ဟာ မဟုတ်ဘူးဗျ။ ကိုကံမြင့်ရဲ့။အဲဒါ ခင်ဗျားတို့ပြောတဲ့
ကျွဲလူးအိုင်သရဲကြီးဗျ။ ဒေါ်မဲစိန် ဝိညာဉ်ခွာတဲ့အချိန်
အသက်မကုန်ခင် သူ ဝင်နေလိုက်တာ။ သူ့ကို
နှင်မထုတ်နိုင်ရင် ဒီကိုယ်ထဲကနေ တော်တော်နဲ့
ထွက်မှာမဟုတ်ဘူးဗျ"

"ဟေ ဟုတ်လား။ ဒါဆို ငါ့ အခုပဲ ငါ့မိန်းမကို
သွားခေါ်ခဲ့မယ်"

အိမ်ရှေ့က လူအုပ်ကြီးကတော့ ဆူညံ ဆူညံနဲ့ပေါ့ဗျာ။

"ကဲ သူကြီး  ဒီကောင်ကြီးကို ထမင်းကျွေးလိုက်ဗျာ။
မစားရချင်း အေးမှာမဟုတ်ဘူးဗျ"

"နေပါဦး မောင်တာတေရဲ့။စားပြီးရင်ရော ဒီကောင်
ထွက်သွားမှာလား"

"ဒီပုံစံက ထွက်မယ့်ပုံစံ မဟုတ်ဘူး သူကြီးရဲ့။
ဆက်စားနေပါဦး။ အဲဒီကိစ္စ သူကြီး မပူနဲ့။
ကျုပ် လုပ်မယ်။ အခုတော့ ထမင်းကျွေးထားလိုက်ဗျာ"

"အေး အေး ကဲ မောင်ရွှေ အိမ်ထဲမှာလည်း ဘယ်သူမှ
မရှိကြတော့ဘူးကွ။ မင်းပဲ ထမင်းကျွေးလိုက်ကွာ"

သူကြီးက ခိုင်းတော့ ကိုရွှေက အိမ်နောက်ဖေးကို
ဝင်သွားတယ်။ ကိုညွန့်မောင်လည်း နောက်က
လိုက်သွားတယ်ဗျ။

ဟော ကိုရွှေနဲ့ ကိုညွန့်မောင် ပြန်ထွက်လာပြီ။
လင်ဗန်းကြီးထဲမှာ ထမင်းတွေပုံပြီး စောစောက
လူတွေကို ကျွေးဖို့ ချက်ထားတဲ့ ကြက်သားဟင်းတွေ
အပေါ်က လောင်းထည့်လာတာပေါ့ဗျာ။

ဒေါ်မဲစိန်ကြီးကတော့ ဆံပင်ဖားလျားကြီးနဲ့
အလောင်းစင်လုပ်ထားတဲ့ ဝါးကပ်ပေါ်မှာ
တင်ပလ္လင်ခွေကြီး ထိုင်လို့ဗျ။

'ဟား ဟား ဟား ဟား ငါ စားမယ် ငါ့ကိုကျွေး"

ကိုရွှေက ထမင်းလင်ဗန်းကို ထိုးပေးလိုက်တယ်
ကိုညွန့်မောင်က ရေဖလားကြီးကို ဘေးမှာ
ချပေးလိုက်တယ်ဗျ။

ဟာ စားပြီဗျို့။ဒေါ် မဲစိန်ကြီး ပေါင်ကြီးကားထိုင်ပြီး
စားနေတာဗျာ။ကြက်ရိုးတွေကို တဂျွတ်ဂျွတ်ဝါးပြီး
စားနေတာဗျို့။ တကယ်တော့ ဒေါ် မဲစိန်
ဘယ်ဟုတ်မှာတုံးဗျာ။

ကျွဲလူးအိုင်သရဲကြီး စားနေတာပေါ့။

"မောင်တာတေ ဟောဒါ ငါ့မိန်းမ မယ်တင်ကွ။
မင်းလိုတာပြော"

ကိုကံမြင့်နဲ့ သူ့မိန်းမ ရောက်လာပြီဗျ။
ကျုပ် အလုပ်စရတော့မှာပေါ့လေ။

"ကဲ သူကြီး ကျုပ် အလုပ်စလုပ်တော့မယ်"

"လုပ်ပါ မောင်တာတေရယ် လုပ်ပါ လုပ်ပါ
ငါတို့ရွာသားတွေကို ကြုံတိုင်း ကူညီခဲ့ပါကွာ"

"ကဲ ကိုရွှေ။ အိမ်ရှေ့မှာ အုံနေတဲ့လူတွေကို
ဟိုဘက် ဒီဘက် ကပ်ခိုင်းဗျာ။ လမ်းပေါက်ကျယ်ကျယ်
လိုချင်တယ် အခု ကျုပ်ပင့်မယ်သူက ကျွဲလူးအိုင်
သရဲထက် အဆတစ်ရာမက ကြမ်းတဲ့သူဗျ"

"ဟေ ဟုတ်လား ဘယ်သူများတုံးကွဲ့။
မောင်တာတေရဲ့"

သူကြီးက ကျုပ်ကို စိုးရိမ်တကြီး မေးတယ်

"မဖဲဝါလေ သူကြီးရဲ့ "

"ဟေ …ဟာ "

'ဟေ'ဆိုတာက သူကြီးပါးစပ်က လာတဲ့ အံ့သြတဲ့ အသံပေါ့ဗျာ။
'ဟာ ' ဆိုတာက ကိုရွှေရဲ့ ပါးစပ်က ထွက်လာတဲ့ အာမေဋိသံဗျ။

ကိုရွှေ အိမ်ရှေ့က လူအုပ်ကို ရှင်းတယ်။ ဝင်ပေါက်ပေါ်လာပြီ။

ကိုရွှေ နည်းနည်း ခြောက်လိုက်ပုံရတယ်ဗျ။
လူတွေ ရှဲသွားပြီး ဘာသံမှ မထွက်ဘဲ ငြိမ်နေကြတယ်ဗျ။

ကျုပ်က နတ်ဝင်သည် ဒေါ်မယ်တင်ကို ခေါ်ပြီး
အိမ်ပြင် ထွက်လာခဲ့တယ် ။ အိမ်အပြင်မှာ ထွန်းထားတဲ့
အောက်လင်းဓါတ်မီးတွေ ငြှိမ်းခိုင်းလိုက်တယ်

မီးအလင်းရောင်အောက်ကို မဖဲဝါ မဝင်ဘူးဆိုတာ
ကျုပ် သိတယ်လေဗျာ။

ဒေါ်မယ်တင်က ဆံပင်ဖားလျားချပြီး လက်အုပ်ချီထားတယ်

မြေပြင်မှာ ကြဲုံကြုံလေးထိုင်လို့ပေါ့ဗျာ။ ကျုပ်က လွယ်အိတ်ထဲက
မဖဲဝါ ကျုပ်ကို အပ်ထားတဲ့ 'ကိုယ်တူကိုယ်ခွဲ 'အရုပ်ကလေးကို
ထုတ်ယူလိုက်တယ်။ ပြီးတာနဲ့ မဖဲဝါကို ကျုပ် ပင့်တယ်။


ဒီတုန်းမှာပဲ အိမ်ထဲမှာ စားသောက်နေတဲ့ ကျွဲလူးအိုင်
သရဲကြီးက စားသောက်လို့ ပြီးသွားပြီဗျ။

"ငါ့ကို ဆေးလိပ်တိုက် ။ ငါ ဆေးလိပ် သောက်ချင်တယ်"

ဒီသရဲလေသံက တော်တော်မာလာပြီဗျ။
နောက်ဆိုရင် တစ်ရွာလုံးကို ဒုက္ခပေးတော့မှ
သေချာတယ်ဗျ။ ကိုညွန့်မောင်က ဆေးပေါ့လိပ်တစ်လိပ်ကို
မီးညှိပြီး ပေးလိုက်တယ်။

အောက်ပြည်အောက်ရွာက တောရွာတွေမှာ
သောက်တဲ့ ဆေးပေါ့လိပ်ဆိုတာ ငါးမူးလုံးလောက် ရှိတာဗျ။

အဲဒီဆေးပေါ့လိပ်ကြီးကို သရဲကြီးက အားရပါးရ
ဖွာနေတယ်။ ဟော လာပြီ ။ လာပြီ ။ ကျုပ်လက်ထဲမှာ
ကိုင်ထားတဲ့ မဖဲဝါရဲ့ ကိုယ်ပွားအရုပ်ကလေး ဆတ်ကနဲ
ဆတ်ကနဲ တုန်သွားတယ်။

ဟာ ဝင်သွားပြီဗျို့။ ဒေါ်မယ်တင်ရဲ့ ကိုယ်ထဲကို
မဖဲဝါရောက်သွားပြီ။ ဒေါ်မယ်တင်က လက်ကြီးတွေ
ကွေးကောက်ပြီး ထိုင်နေကနေ ထတယ်။
အိမ်ထဲကို မျက်လုံးပြူးကြီးနဲ့ လှမ်းကြည့်တယ်။

"မဖဲဝါ ကျုပ် တာတေပါ။ အောက်ပြည်ကို အလည်လာရင်း
ဒီမှာ အခက်အခဲကြုံနေလို့ မဖဲဝါကို အကူအညီတောင်းတာပါ။
ကျွဲလူးအိုင်မှာနေတဲ့ ဒီသရဲဟာ ဘယ်ကရောက်လာမှန်း
မသိဘူး မဖဲဝါ။ဒေါ်မဲစိန်ကိုသတ်ပြီး ကိုယ်ထဲဝင်နေတယ်
အလောင်းစင်ပြင်ပြီးမှ ထလာပြီး စားလားသောက်လားတွေ
လုပ်နေတယ်ဗျ။ ဒီကောင်ကြီးကို ရှင်းပေးပါ မဖဲဝါ"

မဖဲဝါက အိမ်ထဲကို စိုက်ကြည့်နေတယ်ဗျ။

"တာတေ ဒါ တောကြီးတစ္ဆေတစ်ကောင်ဟဲ့။
ဒါကြောင့် တအားကြမ်းတမ်းနေတာ။
နယ်ကျွံပြီး ရောက်လာတာ။ မပူနဲ့။
ငါပြန်ခေါ်သွားမယ်။ ဟေ့ အိမ်ထဲကအကောင်
အခု ထွက်ခဲ့စမ်း"

မဖဲဝါရဲ့ အသံကြီးက ဟိန်းပြီးထွက်လာတယ်။

"သေချင်လို့လား ဘယ်ကကောင်မတုံး"

"သိချင်ရင် နင် အခုချက်ချင်း ထွက်ကြည့်။
တောကြီးတစ္ဆေကောင်"

"အောင်မာ ကောင်မ။ သေပေတော့"

ပြောပြောဆိုဆိုနဲ့ ဒေါ်မဲကြီးက ဆံပင်ဖားလျားကြီးနဲ့
အိမ်ပြင်ကို ထွက်လာတယ်။ အိမ်ပြင်ကို ရောက်တော့
ဒေါ်မယ်တင်ကို တွေ့တာပေါ့ဗျာ။

"ရော့ မသာမ ။ ဒါသောက်"

ပြောပြောဆိုဆိုနဲ့ ဒေါ် မဲစိန်က သူ့လက်ထဲက
မီးရဲရဲနဲ့ ဆေးပေါ့လိပ်ကြီးနဲ့ ဒေါ်မယ်တင်ကို လှမ်းပစ်တယ်။

ဒါက လူတွေ အမြင်ပေါ့ဗျာ။ ညနေက သေသွားတဲ့
ဒေါ်မဲစိန်နဲ့ နတ်ဝင်သည် ဒေါ်မယ်တင်ပေါ့။

တကယ်ကတော့ ကျွဲလူးအိုင် သရဲကြီးနဲ့ မဖဲဝါပေါ့ဗျာ။

မဖဲဝါက သရဲကြီး ပစ်လိုက်တဲ့ ဆေးလိပ်ကို လက်နဲ့
ပုတ်ထုတ်လိုက်ပြီး သရဲကြီးကို စူးစူးဝါးဝါး ကြည့်တယ်။

ကျွဲလူးအိုင်သရဲကြီး မဖဲဝါမှန်း သိသွားပုံရတယ်ဗျ။

မဖဲဝါ ရှေ့ကို တစ်လှမ်းချင်း လျှောက်လာပြီး
ဒူးထောက်တယ်။

မဖဲဝါရဲ့ လက်ဝါးကြီးတစ်ဖက် လေထဲကို
မြောက်တက်သွားပြီး ပြန်ကျလာတယ်။

"ဘုန်း ။ ဘုန်း။ ဘုန်း "

ကျွဲလူးအိုင်သရဲကြီးရဲ့ ကျောကုန်းပေါ်ကို သုံးချက်ဆင့်
ရိုက်လိုက်တယ်…

ဟာ ဒေါ် မဲစိန်ရဲ့ အလောင်းကြီး ဝမ်းလျားမှောက်
လဲကျသွားပြီဗျို့။ ဟော မဖဲဝါ ဝင်နေတဲ့
 ဒေါ်မယ်တင်ကြီးလည်း ခွေကနဲ လဲကျသွားပြီဗျ။

ကျုပ်က ဒေါ်မယ်တင်မျက်နှာကို ရေနဲ့တောက်ပြီး
ခပ်မြန်မြန် နှိုးလိုက်တယ်။ ဒေါ်မယ်တင် သတိပြန်ရလာပြီ။

"ကဲ…ကိုရွှေရေ…ခင်ဗျားတို့လူတွေ ခေါ်ပြီး
ဒေါ်မဲစိန်ရဲ့ အလောင်းကို ပြန်ပြင်ကြပေတော့ဗျာ။
ပြီးတော့ အောက်လင်းဓါတ်မီးကြီးလည်း
ပြန်ထွန်းတော့ဗျို့။ ခင်ဗျားတို့ရွာမှာ
ဘာအန္တရာယ်မှ မရှိတော့ပါဘူးဗျာ"

"ဟာ ဟုတ်လား မောင်တာတေ"

သူကြီးက ကျုပ်ကို ဝမ်းပန်းတသာ မေးတယ်ဗျာ။


"ဟုတ်ပါတယ် သူကြီး ။ နယ်ကျွံပြီးရောက်လာတဲ့
တောကြီးတစ္ဆေကို မဖဲဝါကြီး ပြန်ခေါ်သွားပါပြီဗျာ
ဘာမှမရှိတော့ပါဘူး"

ရွာသားတွေလည်း ဒီတော့မှ ဆူညံ ဆူညံနဲ့
လုပ်စရာတွေ ပြန်လုပ်ကြတာပေါ့ဗျာ။

နှစ်ရက် သုံးရက်ကြာတော့ ကိုညွန့်မောင်နဲ့
ကျုပ်နဲ့ အညာကို ပြန်ခဲ့ကြတယ် ။

မူရင်းရေးသူ ဆရာ တာတေ

စာဖတ်သူကို ကူးယူဝေမျှသူ လက်ခအချစ်

'မဖဲဝါကိုဖမ်းမဲ့ ကဝေ' စာအုပ်မှ ကောက်နှုတ်တင်ပြထားသည်

Credit

ပြီးပါပြီ

စာဖတ်သူများ စိတ်ရွှင်လန်းပါစေ
#crd

Comments

Popular posts from this blog

🌑ညဆိုး🌑

ဘီလူးအော်သံ(တာတေ)

ပုဏ္ဏကတိုက်တဲ့ အိမ်ကြီး