သရဲ ငနက်ကျော်

"ငနက်ကျော်
ငနက်ကျော်
အိမ်တိုင်းရောက်တဲ့ ငနက်ကျော်
ငနက်ကျော် တော်တော်ဆိုး
ဘင်နာဆတ်ဆတ်ကျိုး"

ပုဗ္ဗာရုံကျောင်းကို ကျုပ်ရောက်တဲ့အချိန်မှာ ဆရာတော်
ကျောင်းက ကိုရင်လေးတွေ ဆိုနေကြတာဗျ။
ဒီလင်္ကာလေးကို ကျုပ် နားရည်ဝနေပါပြီဗျာ။

အဂ္ဂိရတ်ပညာကို ဝါသနာပါတဲ့ ဆရာတော်တွေ ဆုံမိတဲ့
အခါမှာ ပြောကြဆိုကြ ပညာတွေ ဖလှယ်ကြ
လင်္ကာတွေ ရွတ်ကြနဲ့ လွှတ်နားထောင်လို့
ကောင်းတာဗျ။ တချို့ဆရာတော်ကြီးတွေက
ဒီလင်္ကာထဲမှာပါတဲ့ 'ငနက်ကျော်'ဆိုတာ ကျပ်ခိုးကို
ပြောတာလို့ ဆိုကြသဗျ။

တချို့ကိုယ်တော်ကြီးတွေကကျတော့ 'ငနက်ကျော်'
ဆိုတာ ကွမ်းစားရင် ထည့်စားတဲ့ စမုံနက်လို့
ပြောကြသဗျ။

ဆရာတော် ခိုင်းတာလေးတွေ လုပ်ကိုင်ပေးပြီးတော့
ကျုပ်ကျောင်းကြီးပေါ်က ဆင်းလာတော့လည်း
ဒီကိုရင်တွေ လင်္ကာတွေ ရွတ်နေကြတုန်းပဲဗျ။
အဓိပ္ပါယ်တော့ ကိုရင်တွေ ဘယ်သိမှာတုံးဗျာ။
ဆိုကောင်းလို့သာ ဆိုတာပေါ့။

"ကျီးဖြူ ကျီးမည်း
တစ်ကောင်တည်း
ကျီးမည်းလေးက ဒီမှာနေ
ကျီးဖြူအိမ် ဒီမှာဆောက်
အာလောက်လောက် အာလောက်လောက်"

ဒါလည်း အဂ္ဂိရတ်ပညာနဲ့ဆိုင်တဲ့ လင်္ကာပဲဗျ။
ကြေးနက်လုံး စီရင်တာပေါ့ဗျာ။ပထမဆုံးကြေးနီကို
နက်အောင် ထိုးရသဗျ။ နောက်တစ်ခါ အဲဒီ
ကြေးနက်ကို ဖြူလာအောင် ထိုးရသဗျ။

ကိုရင်လေးတွေက ဆရာတော် အဂ္ဂိရတ်ထိုးမယ့်
မီးသွေးတုံးကြီးတွေကို အနေတော် ခုတ်ထစ်ပေးနေ
ရတာဗျ။ ကျုပ်တို့ ဆရာတော်က အဂ္ဂိရတ်ထိုးရင်
ကြုံရာတွေ့ရာ မီးသွေးဖိုထဲ ပစ်ထည့်ပြီးထိုးတာ
မဟုတ်ဘူးဗျို့။သစ်မာမီးသွေးကို ရအောင်ရှာရတာ။

အဲဒီမီးသွေးကို ရေနဲ့ သန့်နေအောင် ဆေးကြောပြီး
နေလှန်းရသေးတယ်ဗျို့။ ဒီတော့ မီးသွေးပေါက်တာ
မရှိတော့ဘူးပေါ့ဗျာ။ ရေတိုင်ကီတွေ အနားမှာ
မီးသွေးတွေ ရေဆေးနေတဲ့ ကိုရင်သေးသေးလေးကတော့…

"ဖားမြွေကိုက်
ဒုတ်နဲ့ရိုက်
ဖားမြွေကိုက်
ဒုတ်နဲ့ရိုက်"

လို့ အလုပ်လုပ်ရင်း ဆိုနေတာဗျ။သူဆိုနေတာလည်း
အဂ္ဂိရတ်လင်္ကာပဲဗျ။ ဖားလို့ခေါ်တဲ့ ပြဒါးနဲ့
မြွေလို့ခေါ်တဲ့ နာကို တွဲထားပြီး နာကို ဖယ်ထုတ်ချင်တယ်ဆိုရင်
ဒုတ်လို့ခေါ်တဲ့ ဒုတ္တာနဲ့ ထည့်ပြီး ထိုးရတယ်လို့
ပြောတာဗျ။ နာဆိုတာ ခဲကို ခေါ်ကြတာလေဗျာ။
အဲဒီလိုထိုးရင် ပြဒါးချည်းပဲ ကျန်နေတော့ပေါ့ဗျာ။

ကျုပ်လည်း ဆရာတော်တို့လုပ်တဲ့ အဂ္ဂိရတ်နည်းစဉ်တွေကို
စဉ်းစားရင်း ရွာလယ်လမ်းအတိုင်း လျှောက်လာတာဗျ။

"ကိုကြီးတာတေ ကိုကြီးတာတေ"

"ဟေ … ကျောက်ခဲပါလားကွ။ မောကြီးပန်းကြီးနဲ့
ဘယ်က ပြန်လာတာတုံး"

"ပုဗ္ဗာရုံကျောင်းကပါ"

"ဟေ ဟုတ်လား ငါလည်း ခုပဲ ဆရာတော့်ဆီက
ပြန်လာတာလေကွာ"

"ဟုတ်တယ်ဗျ ကိုကြီးတာတေက ဒီဘက်အထွက်
ကျုပ်က ဟိုဘက်က အဝင်ဖြစ်သွားတာလေဗျာ
ကိုရင်တွေပြောလို့ ကျုပ်ချက်ချင်းလိုက်လာခဲ့တာပါ"

"ဟ ငါ့ကို လိုက်ရှာတာဆိုတော့ ဘာများအကြောင်းထူး
ရှိလို့တုံးကွ ကျောက်ခဲရ"

ကျောက်ခဲက အမောပြေအောင် ခဏနေလိုက်သေးတယ်
ပြီးတော့မှ  …

"ရွာရှေ့ပိုင်းက ကိုဘိုကိုးကို ကိုကြီးတာတေ
သိတယ်မို့လား"

"သိတာပေါ့ကွာ တောထဲဝင်ပြီး ယုန်ထောင်
ကြောင်ထောင် လုပ်နေတဲ့ ဘိုကိုးမို့လား"

"ဟုတ်တယ် ဟုတ်တယ် အဲဒီကိုဘိုးကို ပြောတာ"

"အေး ဘိုကိုး ဘာဖြစ်လို့တုံး"

"မနေ့က တောတက်ပြီး ယုန်ထောင်တာတဲ့ဗျာ
သရဲနက်ကျော် ရိုက်လွှတ်လိုက်လို့တဲ့ဗျာ"

"ဟေ ဟုတ်လားကွ ဒီတောကို ဘိုကိုး ဆိုတဲ့ကောင်
တက်နေကျပါကွ။ အကြိမ်တစ်ထောင်တောင်ကမှာ
မဟုတ်တော့ဘူး"

"ဟုတ်ပါ့ဗျာ မနေ့ကတော့ ဘာများမှားသွားလို့
မပြောတတ်ပါဘူးဗျာ။ကျောကုန်းမှာလည်း
လက်ဝါးရာကြီး ပါလာတယ် ပြောတယ်
လူကတော့ သတိတောင် သိပ်မရဘူးဆိုပဲ"

"ဟေ ဟုတ်လား ဒါဆိုရင် မလွယ်ဘူး ကျောက်ခဲရ"

"အဲဒါ ကိုဘိုးကြီးရဲ့ မိဘတွေက ကိုကြီးတာတေကို
ရှာပြီး ခေါ်ပေးပါဆိုလို့ ကျုပ်လာတာဗျ"

"ဟာ ဒါဆိုရင် နေဦးကွာ ငါအိမ်ပြန်ပြီး ဆေးလွယ်အိတ်
ယူဦးမှ ကျောက်ခဲရ"

ကျောက်ခဲနဲ့ ကျုပ်နဲ့ ဆေးလွယ်အိတ်ယူပြီး ရွာရှေ့ပိုင်းက
ဘိုကိုးတို့ အိမ်ကိုရောက်တော့ သူတို့ဝိုင်းချင်းကပ်က
လူတွေ အိမ်မှာ အုံနေတာဗျို့။

'ဟော တာတေ လာပဟေ့"

ဘိုးသာဒွန်းကြီးရဲ့ အသံဗျ။ ဘိုကိုးတို့ တောင်ဘက်ဝိုင်းက
ဘိုးတော်ကြီးလေဗျာ။

ကျုပ် ဘိုကိုးကို ကြည့်တယ်။ ဟုတ်တယ်ဗျ။
ဒီကောင် သတိကောင်းကောင်း မရဘူး။

"ဘိုကိုး ဘိုကိုး ငါပါကွ တာတေပါ"

"ဟင် အင်း အင်း"

ဒီကောင် ခေါင်းကြီးငိုက်စိုက် ကျနေတာဗျ။
ကျုပ်သစ်စုန်းဆေးတော်ကို အပ်ကလေးနဲ့ခြစ်ပြီး
ရေထဲကို ထည့်လိုက်တယ်။ အဲဒီရေနဲ့ ဘုရားစင်မှာ
ဖယောင်းတိုင်ထွန်း ဆရာကြီးဦးမင်းအောင်တို့
ဆရာနွံဖတို့ကို ကန်တော့ပြီး ဘိုကိုးကို ဆေးရည်နဲ့
မျက်နှာရော ကိုယ်တွေရော တောက်ပေးလိုက်တယ်။

"ဟီး ဟီး  ဟီး ငါ့ကို ဘယ်သူလုပ်တာတုံးကွ
သေချင်လို့လား နက်ကျော်တဲ့ဟေ့ တစ်ကျော်တည်းရှိတယ်
အားလုံး မသာပေါ်သွားမယ် ဟီး  ဟီး  ဟီး"

လက်စသတ်တော့ ဘိုးကိုးကို ဝင်ကပ်နေတာ
ငနက်ကျော်ကြီးပဲကိုး။

"အဘဦးနက်ကျော် ဒီကောင် ဘိုကိုး ဘာများအမှား
လုပ်မိလို့ပါလဲ အဘ  ဘာကို မကျေနပ်လို့ပါလဲဗျာ"

"မင်းက ဘယ်သူတုံး ဆရာလား"

"ဟာ ဆရာ မဟုတ်ပါဘူး အဘဦးနက်ကျော်ရဲ့
ကျုပ်က ဒီထနောင်းကုန်းသားပါဗျ တာတေပါ"

"ဟေ မင်းက တာတေလား မဖဲဝါ စောင့်ရှောက်တဲ့
ကောင်ပေါ့"

"ဗျာ …အဲ ဟုတ် ဟုတ်ပါတယ်ဗျ"

"အေး အေး မင်းအကောင် ဘိုကိုး ဟုတ်လား"

"ဟုတ်ပါတယ် အဘရယ် ဟုတ်ပါတယ်"

"ဒီကောင် မနေ့က ငါတော့မှာ ယုန်လာထောင်တယ်
ယုန်ရအောင်လည်း ငါလုပ်ပေးလိုက်တယ်
ဒီကောင်က ငါနေတဲ့ အပင်အောက်မှာထိုင်ပြီး
အမဲသားနဲ့ ထမင်းစားတယ်။ ပြီးတော့ ဒီကောင့်မှာ
အရက်ပုလင်းကလည်း ပါသေးတယ်။
အရက်ပုလင်းကိုဖွင့်ပြီး ငါ့အပင်အောက်မှာ
မော့နေတာ ။ င့ါကို တစ်ချက်မြှောက်ရမှန်း မသိဘူး။
ငါက အရက်နံ့ရတော့ မနေနိုင်တာနဲ့ သစ်ကိုင်း
လှုပ်ပြတယ်။ ဒီအကောင် ဘာပြောတယ်ထင်တုံး
'ငနက်ကျော်ကြီး မင်းဖို့မပါဘူး ငါတောင်
သောက်လို့စားလို့ မဝရတဲ့အထဲမှာ လာခြောက်မနေနဲ့
ကိုယ်ဟာကိုယ် အေးအေးနေတဲ့' ။
တော်တော် မိုက်ရိုင်းတဲ့ကောင်ကွာ"

"သြော် ဒါကြောင့်ကိုး ဘိုးကို တောတက်တာကြာပြီပဲ။
ဘိုးနက်ကျော်တို့ အထာတွေ ဒီကောင် သိပြီးသားပဲ။
အခုမှ ဘာဖြစ်သွားတုံးဗျာ"

ကျုပ်က နောက်မှာ ထိုင်နေတဲ့ ဘိုကိုးအမေကို
မေးလိုက်တယ်။ ဘိုကိုးအမေ အရီးသိန်းလှ …

"ငါလည်း မသိပါဘူး တာတေရယ်။ ဒီတစ်ခါမှ
ဘာဖြစ်သွားတယ် မပြောတတ်ပါဘူးဟယ်"

"ဘနက်ကျော်ကြီးဗျာ ဘိုးကိုးအစား ကျုပ်က
တောင်းပန်ပါတယ် ဘိုကိုးရဲ့ မိဘများကလည်း
တောင်းပန်ပါတယ်ဗျာ ခွင့်လွှတ်ပါ ပြီးတော့
ဘနက်ကျော်ကြီး ဘာများစားချင်သောက်ချင်ပါလဲဗျာ"

"တာတေ ကြက်တစ်ကောင်နဲ့ အရက်နှစ်ပုလင်း ရှာပေး"

"ဟာ ရစေမယ် ရစေမယ် အခုချက်ချင်း စီစဉ်ပေးပါမယ်"

ဘိုကိုးရဲ့ မိဘတွေက ပျာပျာသလဲ ဝင်ပြောကြတာဗျို့

"ဟဲ့ မောင်မြင့်တို့ စိန်ကြည်တို့စီစဉ်လိုက်ကြဟေ့"

"ဟုတ်ကဲ့ အမေ။ ခုပဲ ကိုမောင်မြင့် သွားဝယ်တော့မှာ"

"အေး အေး"

ကျုပ်တို့နေတာက တောလေဗျာ။ ဒီကိစ္စမျိုးတွေနဲ့
မကင်းကြဘူးဗျ။ တောထဲဝင် တောင်တက်
ကွင်းထဲသွားနဲ့ တစ်ခါ တစ်ခါတော့လည်း
အမှားပါကြတာပေါ့ဗျာ။

ဒီလိုကြုံလာရင် ဘာလုပ်ရမယ်ဆိုတာ အားလုံးက
သိပြီးသားဗျ။ ခင်ဗျားကို ကျုပ်ပြောရဦးမယ်။
ဘနက်ကျော်က ချော်တွင်းကုန်းသားဗျ။
လူ့ဘဝတုန်းက မုဆိုးကြီးလေ။ ဘနက်ကျော်
တောတက်ရင် အမဲ မရတာ ဘယ်တုန်းကမှ
မရှိဘူးဗျ။ သူ့အလုပ်ကို သူလွှတ်ကျွမ်းကျင်တာ။

ကုန်ကုန်ပြောရရင် လေထဲမှ အနံ့ခံရုံနဲ့တင်
သားကောင် အနံ့ရတာဗျ။ ဘယ်လောက်အကွာမှ
ဘယ်လိုသားကောင်ရှိတယ် ။ ဘယ်နှကောင်ရှိတယ်
ဆိုတာ တန်းသိတာမျိုး။ ဒါပေမဲ့ မုဆိုးအလုပ်ဆိုတာ
အကုသိုလ် အလုပ်လေဗျာ။

အသက်ကြီးကြီးလာတော့ ဘနက်ကျော်က
တစ်ပွဲစားဖြစ်သွားရောဗျို့။အိမ်မှာ အိပ်နေရင်းနဲ့ကို
ဘယ်နားမှာ ဘာကောင် ရောက်နေတယ်ဆိုတာ
အလိုလို သိနေတော့တာဗျ။

ရွာနီးချုပ်စပ်က မုဆိုးတွေက ဘနက်ကျော်ကို လာပြီး
မေးစမ်းပြီးမှ တောထဲဝင် အမဲ မရတဲ့အခါ မရှိဘူးဆိုပဲ။

နောက်တော့ မုဆိုးတွေက သားကောင်ရရင် ဘနက်ကျော်ကို
တင်ကြ မြှောက်ကြတယ် ဆိုပဲဗျာ။ ဒီလိုနဲ့ ဘနက်ကျော်က
တစ်ပွဲစားကြီးမှန်းမသိ ဖြစ်လာရောဗျို့။

တချို့မုဆိုးတွေက တောဝင်နီးရင် ဘနက်ကျော်ကို
အရက်နဲ့ ကြက်ကြော်နဲ့တောင် တင်မြှောက်ကြတယ်
ဆိုပဲဗ်။

ထမင်းတွေ ဟင်းတွေ ကျက်တော့ ပူပူလောလော
ခူးခပ်ပြီး အရက်နှစ်လင်းနဲ့ ဘနက်ကျော်ကို
ကျွေးကြတယ်ဗျ။ ဘနက်ကျော်က စားပွဲခုံပုလေးနဲ့
အားရပါးရကို စားတာဗျို့။

ထူးဆန်းတာ တစ်ခုကတော့ ကြက်သားကို
အရိုးတွေရော အသားတွေပါ အကုန်လုံး
ဝါးစားပစ်လိုက်တာဗျို့။

အရက် နှစ်ပုလင်းလည်း မော့လိုက်တော့
ပြောင်တလင်းကို ခါသွားတာပါပဲဗျာ။

"ဘနက်ကျော် ဘိုကိုးကို မိမွေးတိုင်း ဖမွေးတိုင်း
ဖြစ်အောင် လုပ်ပေးခဲ့ပါဗျာ"

"စိတ်ချ တာတေ စိတ်ချ မင်းဖဲဝါကို ပြောလိုက်ဦး
ငါတောထဲမှာ အောက်လမ်းဆရာတစ်ယောက်
ရောက်နေတယ်။ ဒီကောင်က ကျားနက်မှော်
အောင်ထားတဲ့ အကောင်ကွာ။ သူ့ကိုယ်သူ
ကျားနက်ကြီးဖြစ်အောင် ဖန်ဆင်းတတ်တယ်။
ပြီးရင် တောထဲမှာ သားကောင်ကို ဖမ်းပြီး အစိမ်းစားတဲ့
အကောင်ကွ။ ကျားနက်ကြီးဖြစ်သွားရင်
 ဆယ့်သုံးတောင်လောက်ရှိတယ်
အဲဒီကောင် ရွာတွေကို ဒုက္ခပေးမှာ စိုးရတယ်။
မင်း မဖဲဝါကို ကြိုပြီး ပြောထား ကြားလား"

"ဟုတ်ကဲ့ပါ ဘနက်ကျော် ကျုပ် ပြောထားပါ့မယ်"

စားလို့ သောက်လို့ဝတော့ ဘနက်ကျော် ထွက်သွားတယ်။
ကျုပ်က သစ်စုန်းဆေးတော်ရည်နဲ့ ဘိုကိုးမျက်နှာကို
တောက်လိုက်တယ်။

"အင်း  အင်း  "

ဘိုကိုး သတိလည်လာပြီဗျ။ ကျုပ်က ဆေးတော်ရည်နဲ့
ထပ်တောက်လိုက်တယ်။

"ဘိုကိုး ဟေ့ကောင် ဘိုကိုး"

"ဟေ ဟင်  တာတေ  ငါ ဘာဖြစ်လို့တုံး"

ဒီကောင် ဘာမှကို သိပုံ မပေါ်တာဗျို့။

"မင်းကွာ တောတက်တာ ကောင်းကောင်းမတက်ဘူး။
ဘနက်ကျော်ကြီးကို မထီလေးစားတွေ သွားပြောရတယ်လို့"

ကျုပ်ကပြောတော့ ဒီကောင် ရယ်ကျဲကျဲလုပ်နေရောဗျ

"အေး နင်ကရယ်နေ မိဘတွေတော့ နင့်အတွက်
ပူလိုက်ရတာဆိုတာ တာတေ ရောက်လာပြီး
တောင်ပန်းပေးလို့ ဟိုက ကျေနပ်သွားတာ သိလား
အရက်နှစ်ပုလင်းနဲ့ ကြက်တစ်ကောင် ချက်ကျွေးလိုက်ရတယ်
ငဘိုကိုးရဲ့ "

"ဟင် ဟုတ်လား အဲဒါတွေ ကျုပ်စားတာ သောက်တာလား"

"အေးလေ စားတာကတော့ နင်ပဲ စားတာပေါ့"

"ကျုပ် စားတယ်။ သောက်တယ်သာ ပြောတာ။
ကျုပ်ဖြင့် ဗိုက်တွေ ဆာလို့ဗျ အမေရ။ ပြီးတော့
အရက်နှစ်ပုလင်းသာ သောက်ရရင် ကျုပ်
လူမှန်းတောင် သိမှာမဟုတ်တော့ဘူးဗျ။
အခု နည်းနည်းတောင် မူးတာမှ မဟုတ်တာ"

ဒီတော့ လူတွေအားလုံး အံ့သြသွားတာဗျ။

"အေး ဟုတ်သားပဲ။ ဘိုကိုးပြောတာ ဟုတ်တာပေါ့
ဒီကောင် အရက်နှစ်လုံး ဘယ့်နှယ်လုပ်ပြီး
သောက်နိုင်မှာတုံးကွ"

"ဟေ ဒါဆိုရင် ဘနက်ကျော်ကြီး တကယ်ဝင်သွားတာပေါ့
ဟာ  တာတေရေ ဒါဆိုရင် သူပြောသွားတဲ့
ကျားနက်မှော်ဆိုတဲ့ လူကို သတိထားမှ ဖြစ်မှာနော်
ဘနက်ကျော် တကယ်ဝင်တာကွ"

ဘနက်ကျော် တကယ်ဝင်မှန်း ကျုပ်ကတော့
သိတာပေါ့ဗျာ။ ဒါမျိုးတွေက ကျုပ်ကြုံခဲ့ဖူးပေါင်း
များပြီပဲဗျာ။

"ဟဲ့ ဘိုးကို နင် ဒီရက်တွေမှာ တောထပ်မတက်နဲ့တော့
တောထဲမှာ ဘနက်ကျော် ပြောသွားတဲ့
 ကျားနက်မှော်ဆရာ ရောက်နေတယ်တဲ့ နင်ကြားလား"

နောက်ညမှာပဲ ပြဿနာပေါ်တော့တာဗျို့။

"ဝေါင်း ဝေါင်း  ဝေါင်း  ဝေါင်း"

ညဆယ်နာရီလောက်မှာ ကျားဟိန်းသံကြီး
ပေါ်လာတယ်ဗျို့။အရင်တစ်ခါလည်း
ဒါမျိုးကြုံဖူးနေတာဆိုတော့ ကျုပ်တို့ရွာသားတွေ
ကြောက်ကြတာပေါ့ဗျာ။

တစ်ညလုံးကို ပတ်ပြီးဟိန်းနေတာဗျို့။
ကျုပ်တို့တွေ ရွာထဲကို ထွက်ကို မထွက်ရဲကြတာ။
မနက်မိုးလင်းတော့မှ ဝိုင်းထဲဆင်းပြီး ရွာလမ်းတွေပေါ်
တက်လျှောက်ရဲကြတာပေါ့ဗျာ။

"ဟာ  ဒီမှာ ကျားခြေရာတွေဟေ့ အများကြီးပဲဟ"

ရွာမြောက်ပိုင်းက ကျွတ်စီ ကျွတ်စီနဲ့ ကြားရတာဗျ။
ကျုပ်လည်း ချက်ချင်း ထွက်လာခဲ့တာပေါ့ဗျာ။

"ကျားခြေရာတွေ့တာ ဘယ်မှာတုံးကွ"

"ဟာ ကိုကြီးတာတေ လာ ကျုပ်လိုက်ပြမယ်"

မျက်ပြူးက ကျုပ်ကို ခေါ်သွားတာဗျ။ ဒီကောင်
ခေါ်သွားတဲ့ နေရာက ဘယ်နေရာများလဲလို့။

"အရီးမယ်ခ ဝိုင်းပဲကွ"

အရီးမယ်ခအကြောင်းကို ကျုပ်ရေးခဲ့တဲ့'စုန်းမ'ဆိုတဲ့
ဝတ္တုမှာ ရှာပြီး ဖတ်ကြည့်ပေါ့ဗျာ။

ဟုတ်တယ်ဗျ။ ကျားခြေရာကြီးတွေ အရီးမယ်ခရဲ့
အိမ်ဝိုင်းရှေ့မှာ ခေါက်တုံ့ခေါက်ပြန် လျှောက်နေတဲ့
ပုံပဲဗ်။

"ကိုကြီးတာတေ ဒီဝိုင်းထဲမှာ အစတုန်းက စုန်းမကြီး
တစ်ယောက် နေသွားဖူးတယ်ဆိုတာ ဟုတ်လားဗျ"

မျက်ပြူးက ကျုပ်ကို မေးတာဗျ။

"အရီးမယ်ခပါကွာ ။ ငါနဲ့ လွှတ်ခင်တာကွ မျက်ပြူးရ
စုန်းမ ဆိုပေမဲ့ အရီးမယ်ခက ဘယ်သူ့ကိုမှ
ဘာမှမလုပ်ဘူးကွ။ ဒီရွာကိုလာပြီး စော်ကားတဲ့
ပညာသည်တွေရဲ့ ရန်ကိုသာ ကာကွယ်ပေးတာကွ
သူသေတော့လည်း ရွာကိုလာပြီး စော်ကားတဲ့
ပညာသည်နဲ့ ပညာပြိုင်ရင်း သေရတာကွ"

"သြော် ဟုတ်လားဗျ"

ကျုပ် စဉ်းနေတာက တခြားမဟုတ်ဘူး။ဒီကျားဟာ
ရွာထဲကို ဝင်လာပြီး လူ့လောကမှာ မရှိတော့တဲ့
အရီးမယ်ခရဲ့ အိမ်ဝိုင်းရှေ့မှာ ခေါက်တုံ့ခေါက်ပြန်
လျှောက်နေတာ ဘာသဘောတုံး ဆိုတာပဲဗျ။

ကျုပ်တို့  ရွာသားတွေတော့ လွှတ်လန့်ကုန်ပြီပေါ့ဗျာ။
ဟိုနေ့ကတင် ဘိုကိုးကို ဘနက်ကျော်ကြီး
ဝင်စီးထားတုန်းက ကျုပ်ကို ပြောသွားတဲ့
ကျားနက်မှော်အောင်တဲ့ ကဝေကြီး တောထဲရောက်နေတဲ့
အကြောင်းက တစ်ရွာလုံး ပြန့်နေတုန်းမှာ ကျားက
ရွာကိုပတ်ပြီး ဟိန်းတယ်။ပြီးတော့ ရွာထဲဝင်ပြီး
အရီးမယ်ခရဲ့ အိမ်ရှေ့မှာ ခြေရာချင်းထပ်အောင်
လျှောက်သွားတယ်ဆိုတော့ လန့်တော့မှာပေါ့ဗျာ။

"လူလေး တာတေ ဘာတွေ ဘယ်လိုဖြစ်ကုန်တာတုံးကွာ
ဟိုတစ်လောကလည်း ငါတို့ရွာထဲကို ဘီလူးငကျောက်ဖား
ဝင်လိုဝင် အခုလည်း ကျားနက်ကြီး ဝင်လိုဝင်နဲ့
လူလေးပဲ ရွာကို ကာကွယ်မှ ဖြစ်မယ်ထင်တယ်"

ဘိုးညိုကြီး ပြောတာဗျ။ ဘိုးညိုကြီးက
 ကျုပ်တို့ရွာလယ်ပိုင်းမှာ နေတာလေဗျာ။
အသက်ကိုးဆယ်ကျော်နေပြီဗျ။
ဒီရွာမှာ မွေးတဲ့ ထနောင်းကုန်းသားဇာတိစစ်စစ်ဗျ။

"ကျုပ်လည်း အခုပဲ ဒီအကြောင်းတွေးနေတာ ဘိုးရဲ့။
တောပိုင်ကြီး ဘနက်ကျော် ဘိုကိုးကို ဝင်ပူးပြီး
ပြောသွားတဲ့ ကဝေကြီးပဲ ဖြစ်မယ်ထင်တယ်ဗျ"

"ခက်တာပဲ လူလေးရဲ့ ။ ဘိုးတို့ကလည်း တောင်သူတွေ
အရိုး အ,အကြီးတွေဆိုတော့ ဒီလိုကိစ္စတွေ
ဘာတစ်ခုမှ နားလည်တာ မဟုတ်ဘူးလေ။
ကိုယ့်ရွာကို စိုးရိမ်တာ တစ်ခုတည်း သိတာ လူလေးရဲ့"

"ကျုပ် စဉ်းစားပြီး လုပ်သင့်တာတွေ လုပ်လိုက်ပါ့မယ်ဘိုး"

"အေး အေး လုပ်ပါဦး တာတေရယ်"

ကျုပ်လည်း မဖဲဝါဆီကို ရောက်ရပြန်ပြီပေ့ါဗျာ။
ဒီတစ်ခါတော့ သံမဏိမြို့ သွားနေလို့ ကျုပ်ရယ်
ကျောက်ခဲရယ် ဒေါ်တုတ်ရယ်ပဲပေါ့ဗျာ။
သံမဏိ ထမ်းနေကျ ထမင်းတောင်းကို ကျောက်ခဲ
ထမ်းရတော့တာပေါ့။

"အရှေ့နေထွက် အနောက်နေဝင် တောင်တံငါ့ကွန်
မြောက်ဓူဝံအတွင်း ရှင်မ မဖဲဝါ ဘယ်နေရာ
ဘယ်ဒေသကိုပဲ ရောက်နေ ရောက်နေ ကျုပ်ရှိရာ
ဒီဒေသကို အမြန်ဆုံး ကြွလှမ်းခဲ့ပါ ရှင်မ မဖဲဝါခင်ဗျား"

ဒီတစ်ခါတော့ အတော်လေး ကြာသားဗျို့။
ကျုပ်လည်း ဂူပေါ်မှာ ထွန်းထားတဲ့ ဖယောင်းတိုင်လေးကို
လက်နဲ့ လေကွယ်ပေးရင်း အထပ်ထပ်အခါခါ
ပင့်ရတော့တာပေါ့ဗျာ။

"ဝူး  ဝူး  ဝူး  ဝူးး   အီး  အီး  အီး"

ဟော မဖဲဝါရဲ့ ခွေးကြီးအသံကို ကြားရပြီဗျို့။
မဖဲဝါကြီး ကြွလာပြီဗျ။ ဒီတစ်ခါတော့ တော်တော်ဝေးဝေးကို
ရောက်နေတာ ထင်တယ်ဗျ။

ဟော ဂူတွေပေါ်က ကျော်ပြီးရွေ့လာတာဗျို့
ရိပ်ကနဲ ရိပ်ကနဲ နေတာဗျာ။ ကျုပ်စိတ်ထင်
ဒီတစ်ခါတွေ့ရတာ မဖဲဝါက ခါတိုင်းထက်တောင်မှ
အရပ်ကြီး ပိုရှည်နေသလိုပဲဗျ။

ဟာ ဒေါ်တုတ်ကို တန်းဝင်တော့တာဗျို့။
ဒေါ်တုတ်လက်ကြီးတွေ ကွေးကွေးကောက်ကောက်
မြောက်တက်သွားပြီး ဂူကြီးပေါ် လွှားကနဲ
ခုန်တက်တာဗျို့။ ဟော မဖဲဝါ ဆာလောင်နေပုံပဲဗျ။

ထမင်းပွဲကို ဒူးကြီးထောင်ပြီး စားတော့တာပါပဲဗျာ။

"ခွပ် ခွပ်  ခွပ်  ခွပ်"

အရိုးတွေပါ ဝါးစားတာဗျို့။ တော်တော်လေး
 စားသောက်ပြီးမှ ကျုပ်ကို ဆတ်ကနဲ မော့ကြည့်တာဗျ။

"သြော် ဒီလိုပါ သင်္ချိုင်းရှင်မ မဖဲဝါ ကျုပ်တို့ရွာထဲကို
ကျားဝင်လို့ဗျ။ တောပိုင်ကြီး ဘနက်ကျော်
ပြောတာကတော့ ကျားနက်မှော်ထားတဲ့
ကဝေတစ်ယောက် သူပိုင်တဲ့ တောထဲကို
ရောက်နေတယ်ဆိုပဲ။ဒီကဝေက သူ့ကိုယ်သူ
ကျားနက်ကြီး လုပ်လိုက်ပြီး သားကောင်တွေ
ဖမ်းစားနေတယ်တဲ့ဗျ။အဲဒီ လူများ ကျားအသွင်နဲ့
ကျုပ်တို့ ရွာထဲကို ဝင်သလားလို့ပါ
ပြီးတော့ ကျုပ်တို့ရွာက ဆုံးသွားတဲ့ စုန်းမကြီး
အရီးမယ်ခရဲ့ အိမ်ဝိုင်းရှေ့မှာ ခေါက်တုံ့ခေါက်ပြန်
လျှောက်ထားတဲ့ ကျားခြေရာတွေ တွေ့ရတယ်ဗျ
ကျုပ်တို့တစ်ရွာလုံးလည်း လန့်ကုန်ကြပြီဗျ"

"ဟဲ့ တာတေ အဲဒါ ကျားနက်မှော်အောင်ထားတဲ့
ငမှုန်ဆိုတဲ့အကောင်ပေါ့။ အသက်က ရာကျော်နေပြီ
ခုထိမိုက်တုန်း။စုန်းမ မယ်ခရဲ့ နှလုံးကို ဖောက်ထုတ်ပြီး
စားရမှာ ။ ဒါမှ ဒီကောင် အသက်ဆက်လို့ရမယ်
အခုတော့ သူရောက်လာတဲ့အချိန်မှာ မယ်ခက
ရှိမှမရှိတော့တာ။ ဒီကောင် ကိုယ်အတတ်ကိုယ်စူးပြီးလေ
ကျားနက်ကြီး ဖြစ်သွားပြီ။ လူပြန်မဖြစ်တော့ဘူးဟဲ့"

"ဟာ ဒုက္ခပါပဲဗျာ ကျုပ်တို့ရွာက လူတွေကို
ဒုက္ခပေးတော့မှာလားဗျ"

"နင် မပူနဲ့ တာတေ ငနက်ကျော်ကို တွေ့အောင်ရှာပြီး
ပြောလိုက် ဒီည အဲဒီကျားနက်ကိုစီးပြီး ငါ့ဆီလာခဲ့လို့
ငါ ငနက်ကျော်ကို ကြိမ်လုံးတစ်လုံး အပ်လိုက်မယ်
သူလည်း အဆင့်တက်လိမ့်မယ် တောပိုင် ကြိမ်ပိုင်
ငနက်ကျော် ဖြစ်ပြီပေါ့"

"ဟုတ်ကဲ့ ဟုတ်ကဲ့ပါ မဖဲဝါ"

မဖဲဝါ ပြန်ကြွတယ် ။  ကျုပ်တို့လည်း ရွာကို ခပ်သုတ်သုတ်
ပြန်ခဲ့ကြတယ်ဗျ။ ညည့်နက်ရင် ရွာထဲ ကျားဝင်မှာ
ကြောက်ရသေးတယ်လေဗျာ။

နောက်နေ့ရောက်တော့ ရွာထဲက လူကြီးတွေကို
ကျုပ် ပြောပြလို့ လူကြီးတွေက ကြက်တစ်ကောင်နဲ့
အရက်နှစ်ပုလင်းဝယ်ပြီး ချက်ကြပြုတ်ကြတယ်ဗျ။

ဒီတစ်ခါတော့ ဘိုကိုးကိုပဲ သုံးရတော့တာပေါ့ဗျာ
သူနဲ့ ဘနက်ကျော်က မနောဆက်တုန်းရှိသေးတာလေဗျာ

ဘိုကိုးကို ဘုရားစင်ရှေ့မှာ ထိုင်ခိုင်းပြီး
ကျုပ် ဘနက်ကျော်ကို ပင့်တယ်။
မဖဲဝါကိုလည်း အကြောင်းကြားရတာပေါ့ဗျာ။
မဖဲဝါ အမိန့်ကြောင့် ထင်တယ်ဗျ။ ဘနက်ကျော်ကြီး
ကျုပ်တို့ဆီ ရောက်လာတယ်။

ဘိုကိုးကို ဝင်ပူးပြီဗျို့။

"ဟီး ဟီး  ဟီး ဟီး  ဘာကိစ္စတုံးကွ တာတေရ"

"ဟာ တောပိုင်ရှင်ကြီးဗျာ မဖဲဝါရဲ့ အမိန့်ကြောင့်
ပင့်ရတာပါ ။ ဟောဒီမှာ အသင့်ပြင်ထားတဲ့
စားပွဲသောက်ပွဲကို ဆင်နွှဲပါဦး ဘနက်ကျော်
စားရင်းသောက်ရင်း ပြောပါမယ်"

စားပွဲပုလေးပေါ်မှာ
ငှက်ပျောဖက်ခင်းပြီး ပြင်ထားတဲ့ ကြက်တစ်ကောင်နဲ့
ထမင်းတစ်ခွက်ချက်ကို ကြုံးစားတော့တာဗျို့။
အသင့်ဖွင့်ထားတဲ့ ။ အရက်ပုလင်းကိုလည်း
ကောက်မော့ လိုက်သေးသဗျ။တစ်ပုလင်းများ
ဘနက်ကျော်တို့က တစ်မော့ပဲဗျို့။

စားပွဲပုလေးပေါ်ကို 'ဒုန်း'ကနဲ ပုလင်းပြန်ချလိုက်ရင်
ပုလင်းထဲမှာ ပြောင်နေရောဗျ။

"ဒီလိုပါ ဘနက်ကျော် မဖဲဝါက အမိန့်ရှိလိုက်လို့ပါ
ဟို့နေ့က ညဘက် ကျုပ်တို့ ရွာကို ကျားဝင်တဲ့ကိစ္စပါ
ဘနက်ကျော်"

"ဟီး  ဟီး  ဟီး  တာတေ ငါ ပြောသွားသားပဲ
ဟိုကောင်လေ ကျားနက်မှော်အောင်ထားတဲ့ကောင်
ဝင်တာကွ အေး ပြောရဦးမယ် အခု ဒီကောင်က
ကျားဘဝကနေ လူဘဝကို ပြန်မပြောင်းတော့ဘူးကွ
ကျားနက်ကြီးအတိုင်းပဲ နေနေတာ"

"မဟုတ်ဘူး ဘနက်ကျော် မဖဲဝါ ပြောတာက
ဒီရွာက စုန်းမကြီး အရီးမယ်ခရဲ့ နှလုံးကို ဖောက်စားရမှ
သူ့ပညာဆက်လို့ရမှာတဲ့ဗျ။အခု သူရောက်လာတဲ့
အချိန်က သိပ်နောက်ကျသွားပြီတဲ့ဗျ။
အရီးမယ်ခက ရှိမှ မရှိတော့တာ။ဆုံးသွားတာ
ကြာပြီလေဗျာ။ ဒါကြောင့် ဒီလူ ကျားဘဝကို
လုံးလုံးကူးသွားပြီတဲ့ဗျ။ အဲဒါ ဒီည ၉ နာရီတိတိမှာ
ဘနက်ကျော်က အဲဒီကဝေကျားနက်ကြီးကို စီးပြီး
ထနောင်းကုန်း သင်္ချိုင်းကို လာခဲ့ရမယ်တဲ့ဗျ။
အဲဒီမှာ မဖဲဝါက မယ်တော်လေးပါးဆီက
ကြိမ်လုံးကို ဘနက်ကျော်ကို ဒီည အပ်မှာ။
ဘနက်ကျော်လည်း အဆင့်မြင့်သွားပြီလို့
ပြောတယ်ဗျ။ တောပိုင်တင် မဟုတ်တော့ဘဲ
ကြိမ်ပိုင် ငနက်ကျော် ဖြစ်မယ်လို့ မဖဲဝါက မိန့်လိုက်တယ်"

ဘနက်ကျော်ကြီးက စားရင်းသောက်ရင်းနဲ့ ခေါင်းကြီး
တဆတ်ဆတ် ညိတ်ပြသဗျ။

"စိတ်ချ စိတ်ချ တာတေ ငါ ဒီအကောင်ကို စီးပြီး
လာခဲ့မယ်"

ဘနက်ကျော် ပြန်ကြွသွားတော့မှ ကျုပ်တို့လည်း
အိမ်ပြန်လာခဲ့တယ်။

ညရောက်တော့ ရှစ်နာရီမခွဲခင်ကတည်းက
ကျုပ်နဲ့ ကျောက်ခဲနဲ့ သင်္ချိုင်းဇရပ်ပေါ် ရောက်နေပြီဗျ။
ကိုးနာရီအတိ ထိုးတာနဲ့ …

"ဝူး  ဝူး  ဝူး  ဝူး  ဝူး"

မဖဲဝါရဲ့ ခွေးကြီး အူတော့တာပဲဗျာ။
ဟော  ဟော  မဖဲဝါကြီး ရောက်ပြီဗျို့။
ဂူပေါ်မှာ မတ်တတ်ကြီး ရပ်လို့ဗျ။

"ဝုန်း  ဝုန်း  ဝုန်း"
ဟာ ကျားဟိန်းသံကြီးလည်း ကြားရပြီဗျို့။
ဟာ  ယာခင်းကိုဖြတ်ပြီး ပြေးလာတာ။
ကျားနက်ကြီးဗျို့။ နည်းတဲ့အကောင်ကြီးမှ
မဟုတ်တာဗျာ။ ဖုန်တွေမှ တထောင်းထောင်း
ဖြစ်နေတာဗျို့။

ကျုပ်ကတော့ မျက်ကွင်းဆေးကွင်းထားတော့
ကျားပေါ်က ငနက်ကျော်ကြီးကိုပါ မြင်တာပေါ့ဗျာ။
ကျောက်ခဲကတော့ ကျားနက်ကြီးပဲ မြင်ရတာဗျ။

ကျားပေါ်မှာ ကားယားခွထိုင်ပြီး ကျားနက်ကြီးကို
မြင်းစီးသလို စီးလာတဲ့ ငနက်ကျော်ကြီးကိုတော့
ဒီကောင် ဘယ်မြင်မှာတုံးဗျာ။

ငနက်ကျော် ဆိုတာကို ကျုပ်လည်း ခုမှ မြင်ဖူးတာဗျို့။
ဆံပင်ရှည် ဖားလျားကြီးနဲ့ဗျာ။ ဟော သင်္ချိုင်းထဲကို
တန်းဝင်တော့တာဗျို့။

"ဟဲ့ ငနက်ကျော် ရော့"

ပြောပြောဆိုဆိုနဲ့ မဖဲဝါက ကြိမ်လုံးတစ်လုံး ပစ်ပေး
လိုက်တယ်။ ငနက်ကျော်ကြီးက သူစီးလာတဲ့
ကျားနက်ကြီးကို မဖဲဝါရဲ့ရှေ့မှာ မြင်းတစ်ကောင်
ဇက်သတ်သလို တုံ့ကနဲ သတ်လိုက်တာဗျ။

ဘနက်ကျော်က လူ့ဘဝထဲက မုဆိုးလေဗျာ။
သားကောင်တွေရဲ့ ပရိယာယ်ကို ပိုင်ပြီးသား
နိုင်ပြီးသားမို့လားဗျ။ ဘနက်ကျော်က မဖဲဝါ
ပစ်လိုက်တဲ့ နှစ်တောင်လောက်ရှည်တဲ့
ကြိမ်လုံးကို လက်တစ်ဖက်နဲ့ လှမ်းဖမ်းလိုက်တယ်။

"ဟီး  ဟီး  ဟီး ဟီး"

ကျားနက်ကြီးက မဖဲဝါကို မြင်တော့ မာန်ဖီတယ်ဗျ။

"ဟဲ့ ငမှုန် နင့်ပညာလမ်းဆုံးပြီ နင့်အတတ် နင့်ကို
စူးပြီးလေ နင် လာရှာတဲ့ မယ်ခက သေတာကြာပေါ့
ဒီတော့ နင် ဒီကျားဘဝနဲ့ပဲ နေရတော့မှာဟဲ့ ငနက်ကျော်
ဒီကျားကို လူသူနဲ့ဝေးတဲ့အထိ အဲဒီကြိမ်နဲ့
ရိုက်မောင်းပြီး ပို့လိုက်ပေတော့ ။
ဒီကြိမ်လုံးဟာ မယ်တော်တွေ ချီးမြှင့်ထားတာ
နင့်ကို ငါ အပ်လိုက်ပြီ။ နင် ကြိမ်ပိုင် ငနက်ကျော်ဖြစ်ပြီ
ဒီကြိမ်နဲ့ ရိုက်ရင် ဘယ်လို နာနာရုပ်အတတ်မှ
မခံနိုင်ဘူး။ နင့်တောကို နင်စောင့်ရှောက်ပေတော့"

"ဖြန်း  ဝုန်း ဝုန်း"

ဟာ ဘနက်ကျော်ကြီးက  မဖဲဝါရဲ့ အမိန့်ဆုံးတာနဲ့
တစ်ပြိုင်နက် ကျားနက်ကြီးကို ကြိမ်နဲ့  ဖြန်းကနဲ
ရိုက်ပြီး မောင်းသွားတော့ဗျို့။

ကျားနက်ကြီးကလည်း 'ဝုန်း'ကနဲ ဟိန်းပြီး
ဘနက်ကျော် စေတဲ့အတိုင်း ပါသွားလေရောဗျို့။

မဖဲဝါရော ခွေးနက်ကြီးရော သင်္ချိုင်းထဲကနေ
ပြန်ထွက်သွားကြတယ်။ ကျုပ်တို့လည်း
ရွာပြန်ခဲ့တော့တာပေါ့ဗျာ။

ပြီးပါပြီ

စာဖတ်သူများ စိတ်ရွှင်လန်းပါဇေ



Comments

Popular posts from this blog

🌑ညဆိုး🌑

ဘီလူးအော်သံ(တာတေ)

ပုဏ္ဏကတိုက်တဲ့ အိမ်ကြီး