ဘီလူးအော်သံ(တာတေ)
တောင်ကန့်လန့်ဆိုတဲ့ရွာက ကျုပ်တို့ထနောင်းကုန်းနဲ့တော့
အတော်လေး ဝေးသဗျ။
အဲဒီတုန်းက ကျုပ်မြို့မှာ ကျောင်းတက်တုန်းလေဗျာ
ကျုပ်ကိုးတန်းတက်နေတဲ့နှစ်ပေါ့။
ကျုပ်မှတ်မိတယ်။တန်ဆောင်တိုင် ကျောင်းပိတ်ရက်ဗျ
တောင်ကန့်လန့်မှာနေတဲ့ကျုပ်သူငယ်ချင်း စိန်ကျော်
ခေါ်လို့ ကျုပ်လိုက်သွားတာဗျို့။စိန်ကျော်က ကျုပ်ကို
လွှတ်ခင်တဲ့အကောင်ဗျ။လူကအသားဖြူဖြူ ပိန်ပိန်ပါးပါး
စကားပြောရင်တော့ လျှာလေးအာလေးနဲ့ဗျ။
စိန်ကျော်တို့ရွာက အတော်လေးဝေးသဗျ။
ကားတစ်တန်း လှည်းတစ်တန် သွားရတာ။
ဒီကောင်တွေရွာက ရိုးမနဲ့တော်တော်လေးနီးတယ်
သူတို့ရွာရဲ့ အနောက်ဘက် နှစ်မိုင်လောက်မှာ
တောင်ရိုးကြီးနဲ့ ဆိုရင်တော့ ကန့်လန့်ကြီး ဖြစ်နေတာပေါ့ဗျာ။
အဲဒီတောင်ကြီးကို အစွဲပြုပြီး စိန်ကျော်တို့ရွာကို
တောင်ကန့်လန့်ရွာလို ခေါ်ကြတာဗျ။
ကျုပ်ရောက်သွားတဲ့ရက်က အအေးဓါတ်ကလေး
စပြီးလွှမ်းနေတဲ့အချိန်ဗျ။နိုင်ငံခြားတိုင်းပြည်တွေမှာတော့
အော်တန်လို့ခေါ်တဲ့ ဆောင်းဦးပေါက်ရာသီပေါ့ဗျာ
စိန်ကျော်တို့ရွာကို ကျုပ်ရောက်တဲ့ညမှာ ရွာထဲက
ကာလသားပေါက်စတွေ ရောက်လာကြတာဗျို့။
တောင်ကန့်လန့်သားတွေက လွှတ်ဧည့်ဝတ်ကျေတာဗျ
အိမ်တအိမ်များ ဧည်သည့်ရောက်ရင် ကျန်တဲ့အိမ်တွေက
လာပြီး ဧည့်ဝတ်ပြုကြတာဗျ။
စိန်ကျော်တို့ရွာအိမ်က ဝိုင်းကြီးကလည်းကျယ်
အိမ်ကြီးကလည်းကြီးဆိုတော့ အောက်ထပ်မှာ
ကျုပ်တို့ ကလေးသာသာ လူပျိုပေါက်တွေစုပြီး ဝိုင်းဖွဲ့
နေကြတာပေါ့ဗျာ
စိန်ကျော်မိဘတွေလည်း လက်ဖက်သုတ် အမဲခြောက်ဖုတ်
ဆတ်သားခြောက်ဖုတ်တွေနဲ့ ဧည့်ခံတာပေါ့ဗျာ။
ကျုပ်တို့လူစုလည်း စားလိုက် သောက်လိုက် စကားတွေ
ပြောလိုက်နဲ့ အရှိန်ရလာကြတာပေါ့ဗျာ။ပြောရင်း ပြောရင်း
တစ္ဆေအကြောင်း သရဲအကြောင်းရောက်လာရောဗျို့။
ဒီမှာတင်ပဲ အောင်ကွန့်ဆိုတဲ့အကောင်က ပြောတာဗျ။
"နေကြဦးကွ မင်းတို့သရဲအကြောင်းတွေပြောတော့
ငါသတိရသွားတာပေါ့ ဟိုတလောက ငါသစ်တံခါးရွာ
ကနေ ပြန်လာတာ မိုးချုပ်သွားတယ်ကွ"
"ဟေ့ ...မင်းကွ သစ်တံခါးမှာ မိုးချုပ်အောင် နေရလား
အောင်ကွန့်ရဲ့"
"ဒီလိုကွ အဘက အကြွေးတောင်းဖို့ ငါ့ကိုလွှတ်တာဟေ့
ဟိုရောက်တော့ အဲဒီလူက မြို့ကို နှမ်းရောင်းသွားလို့
စောင့်ယူသွားပါဆိုလို့ ငါ့မှာ စောင့်နေရတာကွ
ဒီလူပြန်လာတာကိုက နောက်ကျနေတော့ ငါလည်း
ရွာအပြန် နောက်ကျတော့တာပေါ့ကွာ"
"မင်းပြန်တဲ့လမ်းမှာဘီလူးဂူရှိတယ်ဆိုတာမင်းမသိရလို့လား"
တောင်ကန့်လန့်က စိန်ကျော်ကို သူ့သူငယ်ချင်းခွေးညို
ဆိုတဲ့ကောင်က မေးတာဗျ။
"ခွေးညိုရာ သတိမရဘဲတော့ ရှိမလားကွ ဒါပေမဲ့ နောက်
တစ်ခေါက်မလာချင်တာနဲ့ကိစ္စပြီးအောင်စောင့်ယူနေကြတာကိုးကွ"
"ဟိုတလောကဆိုတော့ မိုးတွင်းကြီးလား အောင်ကွန့်ရ"
ဂျပုဆိုတဲ့ကောင်က ဝင်မေးပြန်ရောဗျ။
"အေလေ မိုးတွင်းမှ အဲဒီညက ကောင်းကင်တစ်လုံးပဲ
မှောင်နေတာကွ ကောင်းကင်မှောင်တော့ မြေပြင်ပါ
မောင်နေတာပေါ့ကွာ လျှပ်စစ်တွေလည်း တဝင်းဝင်းနဲလက်လို့ကွ"
"မင်းကွာ နောက်တနေ့မနက်မှ ပြန်ခဲ့ရင် ပြီးတဲ့ဟာ
မစွန့်စားသင့်တာကိုကွာ ကဲ ပြောပါဦး ဘာတွေဖြစ်ခဲ့တုံး"
"ဘာမှတော့ မဖြစ်ဘူးကွ ဒါပေမဲ့ ကြားတော့ ကြားခဲ့တယ်"
"ဟေ...ဘယ်လိုကြားခဲ့တာတုံးကွ"
"ဒီလိုကွ ငကျော်ရဲ့တောင်ကန့်လန့်ကြီးကို ကျော်လာလို့
တော်တော်ကလေး ရောက်လာတော့မှ ကြားတာကွ"
"အေး...ဘယ်လိုကြားတာတုံးကွ အောင်ကွန်ရဲ့
ရှင်းရှင်းလင်းလင်း ပြောစမ်းပါဟ"
"အေးကွာ ဘယ်လိုပြောရမှန်းတောင် မသိဘူး အသံကြီး
ကွာ ကြောက်စရာကြီးကွ တောင်ကန့်လန့်ကြီးကနေ
ထွက်လာလာကွ။ဝူး ဝူး အီး အီး အီ ဝူးဆိုတဲ့အသံကြီးကွ
ဝမ်းခေါင်းသံကြီးကွ တော်တော်ကြီးတဲ့ သတ္တဝါကြီး
တစ်ကောင်ရဲ့အသံမှန်းတော့ ငါသိတယ်ကွ"
"တိရစ္ဆာန်တစ်ကောင်ရဲ့အသံများလားကွာ"
မျက်လုံးစွေစောင်းစောင်းနဲ့လန်ဘားလို့ခေါ်တဲ့
ကောင်က မေးတာဗျ။
"မဟုတ်ဘူး လန်ဘား ငါကြားခဲ့တာ တိရစ္ဆာန်အသံတော့
မဟုတ်ဘူးကွ လူကြီးတစ်ယောက်အော်လိုက်တဲ့
အသံမျိုးကွ"
"ဟ...အောင်ကွန့်ရဲ့ လူအသံက ဒီလောက်ကျယ်ပါမလားကွ"
"အေးပေါ့ ငပြူးရဲ့ငါလည်း ဒါကြောင့် ဘာအသံဆိုတာ
အတိအကျ မပြောနိုင်တာပေါ့ကွ"
"မင်းလည်းကြားဖူးမှာပဲလေကွာ တို့ရွာ ဘိုးသီလတို့
ဘိုးရာမတို့ အမြဲပြောနေတာလေကွာ တောင်ကန့်လန့်
ကြီးမှာ ကျောက်ဂူကြီးရှိတဲ့အကြောင်း အဲဒီကျောက်ဂူ
ကြီးထဲမှာ ဘီလူးကြီးတစ်ကောင်နေတဲ့အကြောင်းလေကွာ"
"ဟုတ်တယ် အောင်ကွန့် ငါတို့ရွာမှာ ညမပြောနဲ့
နေ့ဘက်မှာတောင် အဲဒီဘက်ကို သွားရဲတဲ့လူ မရှိဘူးကွ"
"ဟ...ငါလည်း တောင်ကန့်လန့်ရွာသားပါကွ
ငပြူးရဲ့ ဒါတွေမကြားဖူးဘဲရှိပါမလားဒါပေမဲ့လူကြီးတွေပဲ ပြောကြတာလေကွာ တောင်ကန့်လန့်ကြီးဘက်က
အော်သံတွေ မကြားရတော့ဘူး ဘီလူးကြီး
တခြားနေရာကို ပြောင်းသွားပြီဆိုတာလေကွာ"
"အေး အောင်ကွန့်ပြောတာ ဟုတ်တယ်ကွ
အဲဒီတောင်ကန့်လန့်ကြီးဘက်ကနေ အော်သံဟစ်သံ
တွေ သိပ်မကြားရတာ ကြာပြီလို့ပြောကြတယ်
ခုမှ ဘာဖြစ်တာတုံး"
"ဟကောင် ဝက်သိုးရဲ အဲဒီဂူကြီးထဲမှာနေတဲ့
ဘီလူးက တခြားကို ပြောင်းသွားတာ ရှိမှာပေါ့ကွ
အဲဒါကြောင့် အဲဒီဘီလူးကြီးအော်သံ မကြားရတာ
ဆယ်နှစ်လောက်တောင် ရှိပြီလို့ ပြောကြတယ်
အခုဟာက အဲဒီဘီလူးပြန်ရောက်လာတာ
နေမှာပေါ့ ဒါကြောင့် အောင်ကွန့် ကြုံလာတာ ရှိမှာ"
"အေး နေကြပါဦးကွာ ငါအောင်ကွန့်ကို မေးမလို့"
"ဟေ မေးလေ စိန်ကျော် မင်းဘာမေးမှာတုံး"
"မင်း အဲဒီအော်သံကြီးကြားတော့ ဘာလုပ်တုံး"
"ငါက သစ်တံခါးကို ခြေလျင်သွားတာ မဟုတ်ဘူး
လှည်းနဲ့သွားတာ ငါကဘာမှကို လုပ်စရာမလိုတာ
နွားတွေက အဲဒီအော်သံကြီး ကြားတော့ စွတ်ပြေးကြ
တာပေါ့ ရွာကို ဘယ်လိုရောက်လာမှန်း မသိဘူး
ငါကလည်း တစ်ချက်မှကို မမောင်းလိုက်ရဘူးပေါ့"
"မင်း ဒီအကြောင်းတွေကို လူကြီးတွေကို
ပြောသေးလားအောင်ကွန့်"
"ဟ ပြောတာပေါ့ကွ ငါအဘကို ပြောပြလိုက်တယ်
ငါ့အဘကတောင် အံ့သြပြီး ဘီလူးပြန်လာတာ
ဖြစ်မယ်လို့ ပြောတယ်။ငါ့စိတ်ထင်တော့ ဒီသတင်းကို
အဘက ရွာထဲမှာ ပြောသင့်တဲ့သူတွေကို တိုးတိုးတိတ်
တိတ် ပြောလိုက်ပုံရတယ်ကွ"
ဒီကောင်တွေ ပြောနေတာ ကျုပ်အံ့သြပြီး နားထောင်
နေတာဗျ။အဲဒီမှာတင် ကျုပ်ရဲ့မွေးရာပါရောဂါက
ပေါ်လာတော့တာပဲဗျ။စပ်စုတဲ့ရောဂါလေဗျာ။
ကျုပ်အဲဒီဂူကြီးကိုသွားပြီး စပ်စုချင်တာဗျ။
နောက်ဆုံးတော့ ကျုပ်စိန်ကျော်ကို အဖော်စပ်တယ်
စိန်ကျော်က အောင်ကွန့်ကိုလက်တို့ပြီး တိုးတိုးပြောတဲ့
ပထမတော့အောင်ကွန့်က တွေနေသေးတာဗျ။
နောက်မှ
"သွားလေကွာ တာတေက ငါ့တို့ဧည့်သည်ပဲ သွားချင်ရင်
အိမ်ရှင်က လိုက်ပို့ရတာပေါ့ စိန်ကျော်ရ"
ညကိုးနာရီလောက်ရောက်တော့ ရွာထဲက ကျုပ်ကို
လာပြီးဧည့်ခံစကားပြောကြတဲ့ကောင်တွေ ပြန်သွားရော
ဗျို့။အောင်ကွန့် က ငပြူးကိုပြောလိုက်တယ်
"ငပြူး ငါ့အိမ်ဝင်ပြီး အဘနဲ့အမေကို ပြောပေးစမ်းပါကွာ
ငါ ဒီည စိန်ကျော်တို့အိမ်မှာ အိပ်မယ်လို့ ဧည့်သည်
နဲ့လည်ူ စကားပြောချင်လို့လို့ ကြားလားငပြူး"
"အေး အေး ငါပြောလိုက်မယ် စိတ်ချ"
ကျုပ်တို့သုံးယောက်စိန်ကျော်တို့ အိမ်ကြီးအောက်ထပ်မှာ
အိပ်ရာတွေခင်းပြီး အိပ်ကြတယ်။စိန်ကျော်တို့
အိမ်သားတွေကတော့ အိမ်ကြီးပေါ်ထပ်မှာ အိပ်ကြတာဗျ
အိပ်တယ်ဆိုပေမယ့် အိပ်ချင်ယောင်နေကြတာပါ
ညဆယ်နာရီထိုးတော့ အောင်ကွန့်ကပြောတယ်
"တာတေနဲ့ စိန်ကျော် ထကြ သွားကြစို့"
အောင်ကွန့်က စောစောကတည်းက စီစဉ်ထားတဲ့
အတိုင်း စိန်ကျော်ကိုပေးထားတဲ့ လေးခွနဲ့ လောက်စာ
လုံးလွယ်အိတ်ကို စလွယ်သိုင်း လွယ်ထားလိုက်တယ်
စိန်ကျော်က သူအဘရဲ့ ငှက်ကြီးတောင် ဓါးရှည်ကြီး
ကိုင်လို့ဗျ။ကျုပ်ကိုတော့ ကျုပ်အရပ်သာသာရှည်တဲ့
လှံတစ်ချောင်းပေးတယ်။ကျုပ်တို့သုံးယောက်
လက်နက်ကိုယ်စီနဲ့ ရွာထဲက ထွက်လာခဲ့ကြတယ်
ခပ်လှမ်းလှမ်းမှာ မည်းမည်းကြီးတန်းနေတဲ့
တောင်ကန့်လန့်ကြီးကို တွေ့ရတယ်။ကျုပ်တို့
သုံးယောက်ယာခင်းတွေကိုဖြတ်ပြီး ခပ်သုတ်သုတ်
လျှောက်တာဗျ။သိပ်မကြာလိုက်ဘူး တောင်ဖီလာကြီးကို
ရောက်လာတယ်။တောင်ဖီလာဆိုတာ တောင်ကန့်လန့်
ကိုပြောတာလေဗျာ။တောင်ကန့်လန့်ကြီးနဲ့အနီးဆုံး
အထိသွားပြီး ထနောင်းပင်တွေ မန်ကျည်းပင်တွေ
ပြုံပေါက်နေတဲ့နားက ဘိစပ်ခြုံကြီးတွေကို ပြေးကပ်ပြီး
ပုန်းနေလိုက်ကြတယ်။
"ဟိုတောင်ကြီးပေါ်ကို ကြည့်ကွ တာတေရ။
အဲဒီအပေါ်မှာ ဂူကြီးရှိတယ်လို့ ပြောကြတယ်
ဘယ်သူမှတော့ အဲဒီတောင်ကန့်လန့်ကြီးပေါ်ကို
မတက်ရဲဘူးကွ ရှေးလူကြီးတွေ ပြောခဲ့တာကိုပဲ
ပြန်ပြောကြရတာပေါ့"
ကျုပ်တို့ရောက်တာ နာရီဝက်လောက်တောင်ရှိပြီဗျ
ဘာအသံမှတော့ မကြားရသေးဘူး။ကျုပ်တို့ သုံးယောက်
စလုံးတောင် ကန့်လန့်ကြီးရဲ့ထိပ်ကိုပဲ လှမ်းကြည့်နေ
ကြတော့ တောင်ကလည်းမြင့်တော့ ဂူပေါက်တွေ
ဘာတွေကို ဘယ်မြင်မှာတုံးဗျာ"
"ဝူး ဝူး အီး အီး အား"
"ဟာ အော်ပြီ အော်ပြီ အော်ပြီ ဘီလူကြီး အော်ပြီဟေ့"
ကျုပ်ဖြင့် ကြက်သီးတွေ ဖျန်းကနဲ ဖျန်းကနဲ
ထသွားတာဗျို့။
ခေါင်းကဆံပင်တွေ ထောင်ထောင်ထသွားတယ်
ထင်တယ်ဗျို့။
""တာတေ မကြောက်နဲ့ ဘာမှမဖြစ်ဘူး"
အောင်ကွန့်က ကျုပ်ကို အားပေးတာဗျ။
ဒါပေမဲ့ ကျုပ်ကို အသံပေးတဲ့ သူ့အသံကိုက
တုန်တုန်ရီရီကြီးဗျ။
"အေးပါ အောင်ကွန့်ရဲ့ ငါ့မကြောက်ဘူး"
ကျုပ်ကို ပြောရင်းနဲ့ အောင်ကွန့်ပခုံးကိုဖက်လိုက်တယ်
ဟာ အောင်ကွန့် အသားတွေ တုန်နေတာဗျို့။
ဒါနဲ့ကျုပ်စိန်ကျော်ကို ခေါ်ကြည့်တယ်။
"စိန်ကျော်"
ဟာ ဒီကောင် မထူးဘူးဗျ။
"စိန်ကျော်"
ကျုပ်က ထပ်ခေါ်ကြည့်တယ်။ဒီတော့မှ စိန်ကျော်က
ကျုပ်ကို လှည့်ကြည့်တယ်ဗျ။
"ဟေ ဘာတုံး တာတေရ ငါသမ္ဗုဒ္ဓေ ရွတ်နေတာကွ"
"သြော် အေး ကောင်းတယ် ကောင်းတယ်"
"ဝူး ဝူး ဝူး အား"
ဟာ အသံကြီးက ပိုကျယ်လာသလိုပဲဗျို့။
ကျုပ်တို့သုံးယောက်စလုံး အသံကြီးထွက်လာတဲ့
တောင်ထိပ်ကို မျက်တောင်မခတ်ဘဲကြည့်နေတာဗျို့။
"အသံက ပိုကျယ်လာတယ်ကွ ဘီလူးကြီး
ဂူထဲက ထွက်လာတယ်ထင်တယ်"
အောင်ကွန့်က အသံတုန်တုန်ကြီးနဲ့ ပြောတာဗျ။
"ဟေ ဟုတ်လား ဒါဆို ပြေးကြမလား"
စိန်ကျော်ကလည်း အသံတုန်တုန်ကြီးနဲ့ မေးတာဗျို့။
"ဟာ မပြေးရပါဘူးကွာ အခုနေပြေးတော့မှ
ဘီလူးကြီးတွေ့သွားပြီးစွတ်လိုက်ချလာရင် ခက်မယ်ကွ
အသာလေးငြိမ်ကြည့်နေ"
ကျုပ်က ဝင်ပြောလိုက်တော့မှ ဒီကောင်တွေ ငြိမ်သွားပြီ
ကြည့်နေကြတာဗျ။အောင်ကွန့်ကလည်း သူ့လက်ထဲက
လေးခွကို အဆင့်သင့်ပြင်ထားတယ်
စိန်ကျော်ကလည်း ငှက်ကြီးတောင်ဓါးကို ကျစ်ကျစ်ပါ
အောင် ဆုပ်ထားတယ်။ကျုပ်ကလည်း လက်ထဲကလှံ
ကို တင်းတင်းကိုင်ထားတာပေါ့ဗျာ။
"ဟာ...ဟိုမှာ ဟိုမှာ ဘီလူးကြီး ဘီလူးကြီး"
"ဟင် ဘယ်မှာတုံး ဘယ်မှာတုံးအောင်ကွန့်ရဲ့
ဘယ်မှာတုံး"
ဟာ ဟုတ်တယ်ဗျို့ အောင်ကွန့်ပြတဲ့နေရာကိုသေချာ
ကြည့်လိုက်တာ လျှော်ဖြူအပင်ကြီးဘေးမှာမတ်တပ်ကြီး
ရပ်နေတာဗျို့။နည်းတဲ့အကောင်ကြီး မဟုတ်ဘူး။
လရောင်လေးက မှိန်မှိန်လေးပဲ ရှိတာဗျ။ဝိုး ဝိုး ဝါး
တားပဲ တွေ့ရတာ။ဒါပေမဲ့ အကောင်အထည်ကတော့
သဲကွဲတာပေါ့ဗျာ။
"ဝူး ဝူး အီး အီး အီ အား"
ဟာ အော်ပြီဗျို့ မတ်တပ်ကြီးရပ်ပြီး တအားကျုံးအော်
လိုက်တာဗျ။ဘယ်လိုအသံမှန်းကို မသိပါဘူးဗျာ
ဝမ်းခေါင်းထဲက လာတဲ့အသံကြီးဗျ။အသံနက်ကြီးဗျ
"အူး ဝူး ဝူး အီး "
နားထောင်ရင်း ကြက်သီးအကြီးကြီးတွေ ထနေတာဗျို့
ကျုပ်စိတ်ထင်ပြောရရင် အရပ်ကြီးက ၁၅ပေလောက်
ရှိတယ်ဗျ။ကိုယ်လုံးကြီးက စပါးတစ်ရာဝင်တဲ့
ပုတ်ကြီးလောက်ရှိမယ်။ခေါင်ကြီးက တင်းတောင်းနှစ်
လုံးစာလောက်ရှိမယ်။လရောင်မှိန်မှိန်လေးအောက်မှာ
ပါးစပ်ထဲက အစွယ်ကြီးတွေကို တစ်ချက်တစ်ချက်မြင်
နေရတာဗျို့။
ဟာ သွားပြီဗျို့ သွားပြီ ဘီလူကြီး ချာကနဲ လှည့်
ထွက်သွားပြီဗျို့။တောင်ကန့်လန့်ကြီးအတိုင်းလျှောက်
ပြီး ရိုးမတောကြီးထဲ ဝင်သွားတာဗျ။
"တာတေရာ မင်းတော့ ဘယ်နှယ့်နေလဲမသိဘူး
ငါဖြင့်ကြောက်လိုက်တာ သေးတောင် နည်းနည်း
ထွက်သွားတယ်ထင်တယ်"
"အောင်ကွန့်ရာ မင်းကတော့ လုပ်ပြီ"
စိန်ကျော်က အောင်ကွန့်ကိုပြောတော့ အောင်ကွန့်က
ပြောတာဗျ။
"ဘယ်တတ်နိုင်မတုံး စိန်ကျော်ရ အရမ်းကြောက်နေတော့
သတိက လွတ်သွားတာလေ"
"ကဲ ကဲ ငါတို့ ပြန်ကြမလား တာတေ"
"နေပါဦးကွာ အင်မတန်မြင်ရခဲတဲ့ အဖြစ်ကြီးကွ
ထပ်စောင့်ကြည့်ရအောင် ဘာတွေထပ်ပြီး တွေ့ရဦးမလဲ
မသိဘူး"
ကျုပ်က မပြန်သေးဘူးပြောတော့ ဒီကောင်တွေလည်း
မပြောဘူးဗျ။ကျုပ်တို့သုံးယောက် ဘီလူးကြီး ဝင်သွား
တဲ့ တောထဲကိုပဲ ကြည့်နေကြတာပေါ့ဗျာ။
ခုထိတော့ ဘာမှမတွေရဘူး ။ကျုပ်လက်မှာ
ပတ်ထားတဲ့နာရီကို ကြည့်လိုက်တယ်။
နာရီအိမ်မြှောင်မှာက မီးစုန်းပါတာဆိုတော့ မှောင်ထဲမှာ
မြင်ရတာပေါ့။ညတစ်နာရီထိုးပြီဗျ။ဘာမှမထူးခြာသေးဘူး
ကျုပ်တို့သုံးယောက်စလုံး ဇွဲနဲ့ဆက်ပြီး စောင့်ကြည့်
နေကြတယ်။
ကျုပ်နာရီကို ကြည့်လိုက်တော့ ညနာရီထိုးနေပြီဗျ။
တော်တော်လေးလည်းအေးနေပြီ။
ကျုပ်တို့သုံးယောက်စလုံး ပုဆိုးခြုံပြီး ပုနေကြတော့
တာပေါ့ဗျာ။
"ဟာ ဘီလူကြီး လာပြီ ဘီလူးကြီး လာပြီ"
အောင်ကွန့်က စပြောတာဗျ။ခေါင်းမြီးခြုံထားတဲ့
ပုဆိုးတွေကို ခါးမှ ကပျာကယာ ပြန်ဝတ်လိုက်ကြတယ်
လက်ထဲက ဓါးတွေကိုလည်း ကျစ်ကျစ်ပါအောင်
ဆုပ်ထားလိုက်တယ်။ရိုးမတောကြီးထဲက အသံ
ကြားတာဗျ။
"အူး ဝူး ဝူး"
ဟော နီးလာပြီဗျို့ အသံကပိုကျယ်လာတယ် ဟော
ဟိုမှာ ရိုးမတောကြီးထဲက ထွက်လာပြီ တောင်ကန့်လန့်
ကြီးဘက်ကို တက်လာပြီဗျို့။
"ဟာ ဘီလူးကြီးက အစာသွားရှာတာပဲဗျို့။
ဟိုမှာ မြင်လား သူရဲ့ပခုံးမှာ အကောင်ကြီးတစ်ကောင်
ပါလာတယ် မည်းမည်းကြီးကွ ဘာကောင်လဲတော့
မသိဘူး တော်တော်ကြီးတယ်"
အောင်ကွန့်က ကျုပ်တို့ကို ပြောနေတာဗျ။
ဟုတ်တယ်ဗျို့။ဘာကောင်ကြီးလဲ မသိဘူး။
ပခုံးပေါ်မှာ ထမ်းလာတာ။ဘီလူးကြီးက
တောင်ကန့်လန့်ကြီးအတိုင်း လျှောက်လာတာဗျ။
"တောဝက်ကြီးကွ ပခုံးမှာ ထမ်းလာတာ
နည်းတဲ့အကောင်ကြီး မဟုတ်ဘူး ခေါင်းက
တွဲလောင်းကျပြီး ဘီလူးကြီးကျောပေါ်ရမ်းခါနေတာ
ဒီကောင်ကြီးက နှစ်ချို့ကောင်ကြီး ဖြစ်မယ်
ကျွဲပေါက်လောက်ရှိမယ် တာတေရ"
စိန်ကျော်က ကျုပ်ကို လက်ကုတ်ပြီး အသံခပ်အုပ်အုပ်
နဲ့ပြောတာဗျ။ဟာ မတ်တပ်ရပ်ပြီး ဟိုကြည့် ဒီကြည့်
ကြည့်နေတာဗျို့။ဘီလူးရဲ့ကိုယ်လုံးအတိုင်းပဲဗျ။
အကောင်ကြီးကြီးဖြစ်နေပဲကွာတယ်။လူတစ်ယောက်
ရဲ့ကိုယ်ခန္ဓာတည်ဆောက်ပုံအတိုင်းပဲ။
ကျုပ်စိတ်ထင်တော့ တောထဲအိပ်နေတဲ့ဝက်ကို
လည်ပင်းလိမ်ချိုးပြီး ခေါ်လာတာဖြစ်မယ်။
"ဟေ့ကောင် တာတေ ဘီလူးကြီး ဘာကိုရပ်ပြီး
ကြည့်နေတာလဲ မသိဘူးကွ ငါ့တို့ကို တွေ့သွားလို့
လာူ မသိဘူး"
"ဟာ မဟုတ်ပါဘူး စိန်ကျော်ရာ သူဘာသာ
တစ်ခုခုကို ကြည့်နေတာပါကွာ"
"ငါတို့အနံ့များ ရလို့လား မသိတာ"
အောင်ကွန့်ကလည်း အသံတုန်တုန်ကြီးနဲ့ဝင်ပြောတဲ့ဗျ
"အူး အူး ဝူး ဝူး"
"အောင်မလေးဗျ အမေကယ်ပါဦး"
ကျုပ်တို့စကားကောင်းနေတုံး ဘီလူးကြီးက အသံနက်
ကြီးနဲ့ကြုံးအော်လိုက်တာ အောင်ကွန့်ကအော်ပြီး
မြေကြီးပေါ် လှဲချလိုက်ကောဗျို့။
"ဟေ့ကောင် အောင်ကွန့် မအော်နဲ့ ဘီလူးကြီးကြား
သွားလို့တောင်ပေါ်က ပြေးဆင်းလာဦးမယ်"
"အူး ဝူး ဝူး"
ဟော အော်ပြန်ပြီဗျို့။နောက်ဘက်ကိုလှည့်ပြီး ချုံပုတ်တွေထဲ ပြေးဝင်သွားတာဗျို့။
"စိန်ကျော် မြင်လား ဘီလူးကြီးဝင်သွားတဲ့
ချုံပုတ်ကြီး"
"အေး မြင်တယ် တာတေ"
"အဲဒီနေရာမှ ဂူပေါက်ကြီး ရှိပုံရတယ်ကွ
မနက်ကျရင် မင်းနဲ့ငါ့ တောင်ပေါ်တက်ပြီး
ပြန်ကြည့်ကြရအောင်"
"ဟေ မလုပ်ပါနဲ့ တာတေရာ တောင်ပေါ်တက်ပြီး
ဘီလူးဂူတော့ မရှာပါရစေနဲ့ သူငယ်ချင်းရယ်
အရှင်လတ်လတ် ဘီလူးစားတာ ခံနေရပါ့မယ်"
"ဒါဆို မင်းနေခဲ့ကွာ ငါတစ်ယောက်တည်း
တက်ကြည့်မယ်"
"အမယ်လေး ဒီလိုလည်း ဘယ်ဖြစ်မှာတုံး တာတေရာ
တော်တော်ကြာ နာမည်ကျော်သွားဦးမယ်"
"ဘယ်လိုနာမည်ကျော်မှာတုံးကွ စိန်ကျော်ရ"
"တာတေတစ်ယောက် စိန်ကျော်တို့ရွာကို လိုက်သွား
တာ ဘီလူးစားခံလိုက်ရလို့ ဆိုပြီးတော့ပေါ့ကွာ"
ကျုပ်က အော်ရယ်လိုက်မိတယ်။
ကျုပ်တို့သုံးယောက် ရွာပြန်တော့ ဘုန်းကြီးကျောင်းက
အုန်းမောင်းတောင် ခေါက်နေပြီဗျ။
Credit @ တာတေ
Comments
Post a Comment